ဒီနှစ်က တရုတ်နိုင်ငံရဲ့ စမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ ZTE အတွက်တော့ ကံဆိုးတဲ့နှစ်တစ်နှစ်လို့တောင် ပြောလို့ရပါတယ်။ ဘာကြောင့်လဲဆိုရင် ZTE ရဲ့ ယခင်က US ကို မမှန်မကန် ပစ္စည်းတင်သွင်းမှုတွေကြောင့် US ရဲ့ ပိတ်ဆို့မှုတွေကို ခံလိုက်ရတာကြောင့်ပါ။

အခုလိုမျိုး US ရဲ့ ပိတ်ဆို့မှုတွေအပြင် ZTE ကို ဒေါ်လာ ၁.၄ ဘီလီယံဒါဏ်ရိုက်ခဲ့တဲ့အတွက် အခု သိရတဲ့သတင်းတွေအရ ZTE ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်ဝက်မှာတင် ဆုံးရှုံးမှုတန်ဖိုး စုစုပေါင်း ဒေါ်လာ ၁.၁ ဘီလီယံအထိ ရှိသွားပြီပဲဖြစ်ပါတယ်။ ဒါဟာ US ရဲ့ ဒေါ်လာ ၁.၇ ဘီလီယံ တန်ဖိုးရှိ ပိတ်ဆို့မှုတွေကြောင့်လည်း ပါဝင်ခဲ့ပါတယ်။

အခုလိုမျိုး ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် နှစ်ဝက်ပိုင်းမှာ ဆုံးရှုံးမှုတွေအကြီးအကျယ်ကြဲံတွေ့ခဲ့ရပေမယ့်လည်း ZTE ဟာ လာမယ့် တတိယ ၃ လပတ်မှာ အမြတ်ဝင်ငွေကို ဒေါ်လာ ၃.၅၄ သန်းကနေ ဒေါ်လာ ၁၄၆.၆၀ သန်း ရရှိဖို့အတွက် မျှော်လင့်နေသေးတယ်လို့ သိရပါတယ်။ အဲ့ဒါကလည်း ယခုအချိန်မှာ ZTE အပေါ် မှာယူမှုတွေနဲ့ Production တွေကလည်း ပြန်လည်စတင်နေတာဖြစ်ပြီးတော့ ပုံမှန်အခြေအနေကို ပြန်လည်ရောက်ရှိနေပြီလို့ ပြောနိုင်တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီအပြင် ZTE ဟာ လာမယ့် ၂၀၁၉ ခုနှစ်မှာလည်း 5G နည်းပညာတွေ အသုံးပြုမှုများပြာလာတာနဲ့အတူ ကုမ္ပဏီရဲ့ ဝင်ငွေကလည်း ပြန်လည်တိုးတက်လာပြီးတော့ နည်းပညာပိုင်းမှာ ပြန်လည်ဦးဆောင်နိုင်မယ်လို့ ယုံကြည်ချက်ရှိနေတယ်လို့ သိရပါတယ်။