ဒီနှစ်အတွင်းမှာ ZTE ဟာ ဆိုးဆိုးရွားရွားကို အမေရိကန်ရဲ့ ပိတ်ဆို့မှုကို ခံခဲ့ရတဲ့ တရုတ်ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ အခုလိုမျိုး ပိတ်ဆို့မှုတွေကြောင့်လည်း ZTE ရဲ့ ဝင်ငွေတွေဟာ အဆိုးရွားဆုံးဖြစ်ခဲ့ပြီး ကုမ္ပဏီကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ ၂၀၁၈ ပထမနှစ်ဝက်မှာတင် ဒေါ်လာ ၁.၁ ဘီလီယံဆုံးရှုံးသွားခဲ့တယ်လို့ ပြောကြားခဲ့ပါသေးတယ်။
ဒါပေမယ့် ZTE အနေနဲ့ အခုလိုမျိုး ပိတ်ဆို့ခံရတာတွေ၊ ဒါဏ်ရိုက်ခံခဲ့ရတာတွေကို ကြုံတွေ့ခဲ့ရပေမယ့်လည်း လက်မလျော့ဘဲ လာမယ့်နှစ်မကုန်ခင်အချိန်အတွင်းမှာတင် US မှာ စမတ်ဖုန်းအနည်းဆုံး တစ်မျိုးကို မိတ်ဆက်ပြီး ရောင်းချသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ အခုပြောကြားမှုက ZTE ရဲ့ VP of Product Marketing and Strategy အဖြစ်တာဝန်ယူထားတဲ့ Jeff Yee ကပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
ZTE ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကုမ္ပဏီရဲ့ Flagship စမတ်ဖုန်းတစ်ခုဖြစ်တဲ့ ZTE Axon 9 Pro ကို IFA 2018 မှာ မှာမိတ်ဆက်ခဲ့ပြီးတော့ စွမ်းဆောင်ရည်ပိုင်းအရ တော်တော်လေးကိုကောင်းတယ်လို့ ပြောနိုင်တဲ့ စမတ်ဖုန်းတစ်လုံးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အဆိုပါ စမတ်ဖုန်းကိုတော့ US မှာ ရောင်းချသွားမှာမဟုတ်ဘဲ တခြားသော Mid Range ဒါမှမဟုတ် Budget ဖုန်းကို အရင်ရောင်းချသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Huawei နဲ့ ZTE လိုမျိုး ကုမ္ပဏီတွေဟာ လက်ရှိအချိန်မှာ နိုင်ငံတော်တော်များများရဲ့ စောင့်ကြည့်မှုကို ခံနေရပြီးတော့ ဒါကလည်း အသုံးပြုသူတွေရဲ့ Data တွေကို တရုတ်နိုင်ငံကို ပြန်ပို့နေတာကြောင့်ဖြစ်ပါတယ်။ ZTE ကတော့ ခပ်တင်းတင်းပဲ ဒါက မှားယွင်းတဲ့သတင်းတစ်ခုလို့ ငြင်းဆိုထားပေမယ့်လည်း အမေရိကန်သမ္ပတ ဒေါ်နယ်ထရမ့်ကတောင် သူ့ရဲ့ အစိုးရဝန်ထမ်းတွေ Huawei နဲ့ ZTE Devices တွေကို အသုံးမပြုဖို့ တားမြစ်ထားတာပဲဖြစ်ပါတယ်။
ဘာပဲဖြစ်ဖြစ် ZTE ရဲ့ US မှာ ဖုန်းရောင်းဖို့ကြိုးစားတဲ့အစီအစဉ် အောင်မြင်မလားကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။