Sony အနေနဲ့ Xperia XZ2 ကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလတုန်းက မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီနေ့မှာတော့ Xperia XZ3 ဖြစ်နိုင်ဖွယ်ရှိတဲ့ စမတ်ဖုန်းရဲ့ အချက်အလက်တွေဟာ Sony ရဲ့ တရားဝင် ဝက်ဆိုက်ကနေတစ်ဆင့် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ စာရွက်စာတမ်းတွေအရဆိုရင် Xperia XZ3 ကို H8416, H9493, H9493 ဆိုပြီး မော်ဒယ် ၃မျိုးနဲ့ ထုတ်လုပ်နိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။ တချို့သော ကျွမ်းကျင်ပညာရှင်များကလည်း ၄င်းမော်ဒယ်တွေဟာ Xperia XZ2s ဒါမှမဟုတ် XZ2 Ultra သာဖြစ်နိုင်ပြီး Xperia XZ3 ကိုတော့ MWC 2019 ရောက်မှ မိတ်ဆက်နိုင်ဖွယ်ရှိကြောင်း ခန့်မှန်းပြောဆိုထားကြပါတယ်။

Sony Xperia XZ2

Sumahoinfo.com ကနေ ပေါက်ကြားထွက်ပေါ်လာတဲ့ စာရွက်စာတမ်းတွေအရဆိုရင် ၎င်းမော်ဒယ်တွေရဲ့ Processor အပိုင်းအတွက် Snapdragon 845 SoC ကိုအသုံးပြုနိုင်ပြီး RAM အနေနဲ့ 6GB ပါဝင်တယ်လို့ သိရပါတယ်။ Memory Storage ကိုတော့ 64GB နဲ့ 128GB ဆိုပြီး ၂မျိုး ထုတ်လုပ်သွားနိုင်ဖွယ် ရှိပါတယ်။ Display အပိုင်းအတွက် ၅.၇ လက်မ မျက်နှာပြင် အကျယ်ရှိ Full-HD+ Display ကိုအသုံးပြုနိုင်ပြီး Resolution ကတော့ 1080 x 2160 pixels ပါဝင်နိုင်ပါတယ်။

နောက်ကျောဘက် ကင်မရာ အပိုင်းမှာတော့ Sony XZ2 Premium မှာ အသုံးပြုခဲ့တဲ့ 19MP (Aperture f/1.8) Camera နဲ့ 12MP (Aperture f/1.6) Camera တွေကို တပ်ဆင်ထားနိုင်ပါတယ်။ ဘက်ထရီ သိုလှောင်မှု ပမာဏအနေနဲ့ 3240mAh ထည့်သွင်းထားနိုင်ပြီး အလေးချိန်ကတော့ 183grams ရှိမယ်လို့ ခန့်မှန်း ပြောဆိုထားကြပါတယ်။ Sony အနေနဲ့ အခုပေါက်ကြားထွက်ပေါ်ခဲ့တဲ့ မော်ဒယ် ၃မျိုးကို သြဂုတ်လ ၃၁ရက်နေ့မှာ စတင်ကျင်းပမယ့် IFA 2018 မှာ မိတ်ဆက်သွားနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။

Ref:gadgets.ndtv