– ၂၀၃၀ ပြည့်နှစ်အရောက်တွင် 5G သည် ICT လုပ်ငန်းနယ်ပယ်အတွက် သုံးစွဲသူများထံမှ အမြတ်ငွေတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၁ ထရီလီယံအထိ တိုးပွားစေနိုင်မည်ဖြစ်သည်။

– ၂၀၃၀ ပြည့်နှစ်အရောက်တွင် အရှေ့တောင်အာရှနှင့် အိုရှန်းနီးယား ဒေသများမှ ဆက်သွယ်ရေးဝန်ဆောင်မှု ပံ့ပိုးသူ (CSP) များအနေဖြင့် 5G အသုံးပြုသူများထံမှ အမြတ်ငွေတန်ဖိုး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၉၇ ဘီလီယံအထိ ရရှိနိုင်ပါသည်။

– ၂၀၃၀ ပြည့်နှစ်အရောက်တွင် Augmented Reality (AR) သည် နစ်မျောခံစားနိုင်သည့် မီဒီယာများအတွက် သုံးစွဲမှုစုစုပေါင်း၏ ထက်ဝက်ကျော်ကို ခွဲယူနိုင်မည်ဖြစ်သည်။

၂၀၃၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာတစ်လွှားရှိ 5G သုံးစွဲသူ ဈေးကွက်သည် အမေရိကန်ဒေါ်လာ ၃၁ ထရီလီယံအထိ တန်ဖိုးရှိလာနိုင်သည်ဟု Ericsson (NASDAQ: ERIC) ConsumerLab မှ Harnessing the 5G Consumer Potential (5G သုံးစွဲသူ အလားအလာအား အသုံးချခြင်းဆိုင်ရာ) အစီရင်ခံစာအရ သိရပါသည်။ ဆက်သွယ်ရေးဝန်ဆောင်မှု ပံ့ပိုးသူ (CSP) များ အနေဖြင့်လည်း အဆိုပါ စုစုပေါင်းဈေးကွက်တန်ဖိုးမှ ၃.၇ ထရီလီယံကို ရယူပေးနိုင်ပြီး ဆက်နွယ်နေသည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှု အခွင့်အလမ်းများ တိုးပွားလာသည်နှင့်အမျှ ထိုကိန်းဂဏန်းများမှာ ထပ်မံတိုးပွားလာနိုင်သည်ဟု ၎င်းအစီရင်ခံစာတွင် ခန့်မှန်းထားပါသည်။

၂၀၃၀ ပြည့်နှစ်အရောက်တွင် ကမ္ဘာတစ်လွှားမှ CSP များအနေဖြင့် 5G အသုံးပြုမှုများတွင် တက်ကြွစွာ အရောင်းမြှင့်တင်ပေးခြင်းနှင့် bundle များအား အသုံးချခြင်းဖြင့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများမှသီးသန့် အမြတ်ငွေ အမေရိကန်ဒေါ်လာ ၁၃၁ ဘီလီယံ အထိ ဖော်ဆောင်ပေးနိုင်မည်ဟု ဤအစီရင်ခံစာတွင် ခန့်မှန်းထားပါသည်။ အဆိုပါ အမြတ်ငွေခန့်မှန်းချက်များမှ ၄၀ ရာခိုင်နှုန်းခန့်မှာ သုံးစွဲသူများမှ 5G ကွန်ရက်များမှတစ်ဆင့် အဆင့်မြှင့်တင်ထားသည့် ဗီဒီယို၊ augmented reality (AR)၊ virtual reality (VR) နှင့် cloud gaming တို့အတွက် သုံးစွဲမှုများမှ ဖြစ်ပါသည်။ ၂၀၃၀ အရောက်တွင် AR သည် နစ်မျောခံစားနိုင်သည့် မီဒီယာများအတွက် သုံးစွဲမှုစုစုပေါင်း၏ ထက်ဝက်ကျော်ကို ခွဲယူနိုင်မည်ဟု ဤအစီရင်ခံစာတွင် ခန့်မှန်းထားပြီး ဂိမ်းကစားမှုမှ စတင်၍ ဈေးဝယ်ခြင်း၊ ပညာရေးနှင့် အဝေးမှ ပူးပေါင်းဆောင်ရွက်ခြင်းတို့ ကဲ့သို့သော အခြားနယ်ပယ်များသို့ပါ ချဲ့ထွင်လာမည် ဖြစ်သည်။

အချက်ကျသည့် ရှာဖွေတွေ့ရှိချက်များတွင် COVID-19 ကပ်ရောဂါကြောင့် လူတစ်ဦးစီ၏ ဘဏ္ဍာရေးအပေါ် ထိခတ်မှုများနှင့် ငွေရေးကြေးရေးအရ ဦးစားပေး ရွေးချယ်မှုများကြောင့် သုံးစွဲသူများအနေဖြင့် 5G သုံးစွဲရန် ထပ်တိုး အကုန်အကျခံလိုစိတ်အပေါ် သက်ရောက်ပုံတို့ကိုလည်း အလေးပေး ဖော်ပြထားပါသည်။ ၂၀၁၉ ခုနှစ် အစောပိုင်းတွင် သာမန်သုံးစွဲသူများသည် 5G သုံးစွဲရန်အတွက် လက်ရှိသုံးစွဲခထက် ၂၀ ရာခိုင်နှုန်း ထပ်တိုးအကုန်အကျခံလိုကြသည်ကို တွေ့ရပါသည်။ သို့သော်လည်း ၂၀၂၀ ကုန်ခါနီးတွင် ထိုကိန်းဂဏန်းမှာ ၁၀ ရာခိုင်နှုန်းသို့ လျော့ကျသွားပါသည်။ သို့သော်လည်း ကမ္ဘာတစ်လွှားမှ တင်ကြိုအသုံးပြုလျက်ရှိသူများမှ သုံးဦးလျှင် တစ်ဦးသည် ထပ်တိုးကုန်ကျငွေ ၂၀ ရာခိုင်နှုန်း အကုန်အကျခံလိုသည်ကို တွေ့ရပါသည်။ ဤအစီရင်ခံစာအရ တင်ကြိုအသုံးပြုသူများမှ ဆက်လက်အကုန်အကျခံလိုသူ ထိုသို့များပြားသည့်အတွက် စီးပွားရေးအရ နာလန်ထူရန် အကူအညီဖြစ်စေနိုင်မည်ဟု သိရပါသည်။

ဤအစီရင်ခံစာတွင် 5G ပြောင်းလဲအသုံးပြုရန် တက်ကြွစွာ အားပေးလုပ်ဆောင်ခြင်းဖြင့် CSP များအနေဖြင့် ၂၀၃၀ အရောက်တွင် 5G အသုံးပြုသူတစ်ဦးစီထံမှ ပျမ်းမျှအမြတ်ငွေ (ARPU) ၃၄ ရာခိုင်နှုန်း ပိုမိုတိုးမြှင့်ပေးနိုင်သည်ဟုလည်း ခန့်မှန်းထားပါသည်။ ထိုသို့ တက်ကြွစွာလုပ်ဆောင်ခြင်းဖြင့် ယခုဆယ်စုနှစ်အတွင်း ရေလိုက်ငါးလိုက် အလျှဉ်းသင့်လုပ်ဆောင်လျှင် ရရှိနိုင်မည့် သုံးစွဲသူများထံမှအမြတ်ငွေ ပုံသေတိုးတက်မှုနှုန်း ၀.၀၃ ရာခိုင်နှုန်းနှင့်ယှဉ်လျှင် နှစ်စဉ်စုပေါင်းတိုးတက်မှုနှုန်း (CAGR) ၂.၇ ရာခိုင်နှုန်းဖြင့် တိုးတက်နိုင်သည်ကို တွေ့ရပါသည်။

Ericsson Research မှ ConsumerLab ၏ အကြီးအကဲဖြစ်သူ Jasmeet Singh Sethi မှ “ယခုအစီရင်ခံစာသည် Ericsson မှ ဆက်သွယ်ရေးဝန်ဆောင်မှု ပံ့ပိုးသူများအတွက် အဓိကမဏ္ဍိုင် လုပ်ငန်းတစ်ခုအဖြစ် ရှိနေသည့် 5G သုံးစွဲသူဈေးကွက်နှင့် ပတ်သက်ပြီး အမြတ်ငွေခန့်မှန်းချက်ကို ပထမဆုံးအကြိမ် တင်ပြခြင်းဖြစ်ပါသည်။ ကျွန်ုပ်တို့ လုပ်ဆောင်လျက်ရှိသည့် သုတေသနများမှတစ်ဆင့် ဤဈေးကွက်၏ အလားအလာအမှန်ကို ဖော်ဆောင်ပေးနိုင်ရန်အတွက် ဖြစ်စဉ်ဖန်တီးမှု၊ အကောက်နှုန်းဆိုင်ရာ ဆန်းသစ်လုပ်ဆောင်မှု၊ အရည်အသွေးမှီ 5G ဖြန့်ကျက်ဝန်ဆောင်မှုနှင့် ဂေဟစနစ်တွင်း မိတ်ဖက်ဆောင်ရွက်မှုများ၏ အခန်းကဏ္ဍတို့ကို အလေးပေး ဖော်ပြခဲ့ပါသည်။ 5G သည် ယခုဆယ်စုနှစ်အတွင်း CSP များအတွက် သုံးစွဲသူဆိုင်ရာ လုပ်ငန်းအခွင့်အလမ်း အများအပြားကို ဖန်တီးပေးမည်ဖြစ်ကြောင်း ရှင်းလင်းစွာ မြင်နိုင်ပါသည်။ ယခုခရီးလမ်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်နေစဉ်အတွင်း ၎င်းတို့၏ သုံးစွဲသူများမှ ဦးစားပေး သုံးစွဲမှုများကို လျှင်မြန်စွာနှင့် တက်ကြွစွာ ပြောင်းလဲပေးနိုင်သည့် CSP များသည် အောင်မြင်နိုင်ခြေ ပိုများပါသည်” ဟု ဆိုပါသည်။

5G ကြောင့် ရှိလာမည့် သုံးစွဲသူများထံမှ အမြတ်ငွေတို့ကို ရယူနိုင်ရန် edge computing နှင့် network slicing တို့ကဲ့သို့သော နည်းပညာများမှ ပါဝင်လမ်းဖွင့်ပေးမည့် အခန်းကဏ္ဍများကိုလည်း ဤအစီရင်ခံစာတွင် အလေးပေး ဖော်ပြထားပါသည်။ ၎င်းသည် cloud gaming နှင့် augmented reality အား အသုံးချမှုများ ကဲ့သို့သော မဏ္ဍိုင် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများမှလည်း ဖြစ်နိုင်သလို ကားတွင်းချိတ်ဆက်မှုနှင့် ဆက်စပ်ရာ ဘေးကင်းလုံခြုံရေး လုပ်ဆောင်ချက်များ ကဲ့သို့သော ဆက်နွယ်ရာ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများမှလည်း ဖြစ်နိုင်ပါသည်။

အရှေ့တောင်အာရှနှင့် အိုရှန်းနီးယားတို့တွင် ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများ အနေဖြင့် ၂၀၃၀ အရောက်တွင် 5G ကြောင့် ဖြစ်လာမည့် သုံးစွဲသူများထံမှ အမြတ်ငွေမှ အမေရိကန်ဒေါ်လာ ၂၉၇ ဘီလီယံအထိ ရှာဖွေပေးနိုင်မည် ဖြစ်ပါသည်။ ၂၀၃၀ ပြည့်နှစ်အရောက်တွင် 5G broadband ဝန်ဆောင်မှုဈေးကွက်သည် အမေရိကန်ဒေါ်လာ ၂၂၉ ဘီလီယံနီးပါး တန်ဖိုးရှိလာနိုင်ပါသည်။ ထို့ပြင် ၂၀၃၀ အရောက်တွင် 5G broadband မှ အမြတ်ငွေ၏ ၉၁ ရာခိုင်နှုန်းမှာ eMBB ဖြစ်ပြီး CAGR အရ ၁၃၄ ရာခိုင်နှုန်းဖြင့် တိုးတက်နေမည်ဖြစ်ပြီး 5G-FWA ဈေးကွက်သည် ၂၀၃၀ အရောက်တွင် အမေရိကန်ဒေါ်လာ ၅.၄ ဘီလီယံ တန်ဖိုးရှိလာမည်ဖြစ်၍ ထို ၂၀၃၀ ခုနှစ်အရောက်တွင် သုံးစွဲသူ (subscription) ၈၉ သန်း ရှိလာမည်ဖြစ်သည်။ ဝန်ဆောင်မှု ပံ့ပိုးသူများအတွက် 5G ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများမှ အမြတ်ငွေအားလုံး၏ ၇၉ ရာခိုင်နှုန်းသည် အဆင့်မြှင့်တင်ထားသည့် ဗီဒီယိုနှင့် HiFi တေးဂီတတို့မှ ရရှိမည်ဖြစ်ပြီး ထိုစုစုပေါင်း အမြတ်ငွေမှာ ၂၀၃၀ ပြည့်နှစ်တွင် အမေရိကန်ဒေါ်လာ ၇.၅ ဘီလီယံ ရှိမည်ဟု ခန့်မှန်းထားပါသည်။ 5G ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများတွင် ဗီဒီယို၊ တေးဂီတ၊ gaming၊ augmented/virtual reality နှင့် သုံးစွဲသူများအတွက် IoT ဝန်ဆောင်မှုများ ပါဝင်ပါသည်။

မြန်မာနိုင်ငံအတွက် Ericsson မှ အကြီးအကဲဖြစ်သူ Eric Trimmer မှ “ကပ်ရောဂါ ကာလအတွင်း အိမ်တွင်းအောင်းသူ ပိုများသည့်အတွက် (ကလေးများအတွက် ဒစ်ဂျစ်တယ် AR စာအုပ်များ ကဲ့သို့သော) နစ်မျောပါဝင်နိုင်သည့် ပညာသင်ကြားမှုတို့ ကဲ့သို့သော 5G အသုံးပြုနိုင်သည့် အဆင့်မြင့် ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများ၊ ပွဲလမ်းသဘင်များကို ဒစ်ဂျစ်တယ်နည်းဖြင့် အဝေးမှ တိုက်ရိုက်ကြည့်ရှုနိုင်ရန် ဝန်ဆောင်မှုများ သို့မဟုတ် cloud gaming တို့အတွက် အကုန်အကျခံလိုစိတ် တိုးပွားလာသည်ကို တွေ့ရပါသည်။ ဝန်ဆောင်မှု ပံ့ပိုးသူများသည် 5G ကွန်ရက်များတွင် အလွှဲအပြောင်းဖြစ်လာမည့် သုံးစွဲသူများထံမှ အမြတ်ငွေများမှ ပမာဏအများအပြားကို ရယူနိုင်ရန် အခွင့်အလမ်းတစ်ခု ရှိလာပါသည်” ဟု ဆိုပါသည်။

၂၀၁၉ ခုနှစ် မေလတွင် Ericsson ConsumerLab သည် အသုံးပြုမှုဖြစ်စဉ် ၃၀ ကျော်မှတစ်ဆင့် သုံးစွဲသူများ၏ စိတ်ဝင်စားမှုနှင့် 5G အတွက် အကုန်အကျခံလိုစိတ်တို့ကို တိုင်းတာဖော်ပြခဲ့သည့် အစီရင်ခံစာတစ်ခုကို ထုတ်ပြန်ခဲ့ပါသည်။ ယခု 5G Consumer Potential အစီရင်ခံစာအသစ်ကို ဝန်ဆောင်မှု ပံ့ပိုးသူများနှင့် ICT ဂေဟစနစ် တစ်ခုလုံးအတွက်ခြုံပြီး လုပ်ငန်းအလားအလာဆိုင်ရာ ခန့်မှန်းချက်များနှင့် အထက်ပါ ထိုးထွင်းသိမြင်မှုများအပေါ် အခြေခံထားပါသည်။

Source – Ericsson