3nm Chip တွေကိုတည်ဆောက်ရာမှာ ခက်ခဲရှုပ်ထွေးတာကြောင့် ဒီ Process node အသုံးပြုဖို့ နှောင့်နှေးကြန့်ကြာမှုတွေရှိနိုင်တယ်လို့ TSMC က ပြီးခဲ့တဲ့ သြဂုတ်လမှာ ကြေညာခဲ့ပါတယ်။ ဒါကြောင့် ၂၀၂၂ iPhone တွေဟာ 3nm အစား 4nm process node နဲ့ A16 Bionic ကိုပဲ သုံးလာရဖွယ်ရှိပါတယ်။

ဖြစ်နိုင်ခြေကတော့ iPhone 14 စီးရီးတွေအနေနဲ့ စွမ်းဆောင်ရည်ပြည့်ဝမှုနဲ့ Energy-efficient ပိုင်းမှာ မူလကစီစဉ်ထားတာထက် အနည်းငယ်လျော့နည်းသွားနိုင်တာပါ။ TSMC အနေနဲ့ ပထမအသုတ် 3nm chip တွေကို ၂၀၂၃ ခုနှစ်ရဲ့ ပထမသုံးလပတ်အထိ တင်ပို့လာမယ်လို့ မျှော်လင့်မထားနိုင်ကြောင်း Tom’s Hardware က ဆိုပါတယ်။

3nm process node (N3) ရဲ့ High Volume Manufacturing (HVM) ကို လာမဲ့နှစ် ဒုတိယနှစ်ဝက်မှာ စတင်မယ်လို့ ဖော်ပြထားပါတယ်။ အခြားတစ်ဖက်မှာတော့ ဒုတိယမျိုးဆက်ဖြစ်တဲ့ “enhanced 3nm” node အတွက်လည်း လုပ်ဆောင်နေကြပြီး ဒီမျိုးဆက်သစ်က စွမ်းဆောင်ရည်တိုးမြင့်ခြင်းနဲ့ ပါဝါစားသုံးမှုလျော့ကျခြင်းအပိုင်းတွေမှာ တိုးတက်မှာဖြစ်တယ်လို့ သိရပါတယ်။

3nm chip တွေ တင်ပို့မှုနောက်ကျနိုင်တဲ့အကြောင်းရင်းထဲမှာ တင်ပို့ချိန်က ရက်ပေါင်း ၁၀၀ နီးပါးကြာမြင့်နိုင်တယ်ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။ ဒါကြောင့် ဖောက်သည်တွေအနေနဲ့ Chip တွေကို ၂၀၂၃ ခုနှစ်ရဲ့ ပထမသုံးလပတ်အတွင်း ရရှိနိုင်ခြေမရှိတော့တာကို တွေ့နိုင်ပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ N3 ရဲ့ ရောက်ရှိချိန်ဟာ N7 နဲ့ N5 process node တွေထက် ၄ လနီးပါးလောက် နောက်ကျနေနိုင်တာပါ။

3nm chip တွေရဲ့ အချိန်ဇယားနောက်ကျမှုနောက်မှာ Apple ရဲ့ မျိုးဆက်သစ် iPhone တွေမိတ်ဆက်ချိန်နဲ့ ချိန်သားမကိုက်ဘဲ လွဲချော်မဲ့အခြေအနေက ထင်ထင်ရှားရှားပေါ်ထွက်လာပါတယ်။ ဒါကြောင့် iPhone 14 တွေမှာ 3nm သုံးစွဲဖို့ဆိုရင် TSMC က နှောင့်နှေးခြင်းကို ကျော်လွှားနိုင်မှ၊ ဒါမှမဟုတ် Apple က iPhone သစ်မိတ်ဆက်ချိန်ကို ရွှေ့ဆိုင်းမှ ဖြစ်နိုင်ဖွယ်ရှိပါတယ်။

Ref: Phone Arena