လျှပ်စစ်ကားတွေက လက်ရှိအချိန်မှာ အောင်မြင်တဲ့ဈေးကွက်တစ်ခုကို ပိုင်ဆိုင်နေပြီပဲဖြစ်ပါတယ်။ လျှပ်စစ်ကားမျိုးစုံကို မော်တော်ယာဉ်ထုတ်လုပ်သူတိုင်းလိုလိုက ထုတ်လုပ်နေပြီဖြစ်ပြီးတော့ တခါအားသွင်းပြီး ဘယ်လောက်အကွာအဝေးကိုသွားနိုင်တယ်ဆိုတာကို ယှဉ်ပြိုင်နေကြတာဖြစ်ပါတယ်။
အခုအချိန်မှာ Hyundai ကနေ Kona နာမည်နဲ့ လျှပ်စစ်ကားတစ်ခုကို ထုတ်ပေးလိုက်ပြီဖြစ်ပြီးတော့ အဆိုပါ Kona ကားဟာ တခါအားသွင်းပြီးတော့ မိုင် ၂၅၀ အကွာအဝေးကိုသွားနိုင်မှာပဲဖြစ်ပါတယ်။ Hyundai ကနေ အရင်တုန်းက Ioniq Electric ကားကိုလည်း ထုတ်လုပ်ခဲ့ဖူးပြီး အဆိုပါ ကားက ၁၂၄ မိုင်ပဲ တစ်ခါအားသွင်းပြီး မောင်းနှင်လို့ရတဲ့အတွက် အခု Kona ကားက လျှပ်စစ်ကားတွေထဲမှာ သိသိသာသာကို ပိုကောင်းနေတာပါ။
Hyundai Kona က 64kWh Li-ion Battery ပါဝင်မှာဖြစ်ပြီး 150kW အားရှိတဲ့ လျှပ်စစ်မော်တာကို တပ်ဆင်ထားမှာပဲဖြစ်ပါတယ်။ အဆိုပါ လျှပ်စစ်မော်တာကနေ မြင်းကောင်ရေ ၂၀၁ ကောင်ထုတ်ပေးနိုင်တဲ့အတွက် သာမန်အိမ်စီးဓါတ်ဆီကားတွေထက်တောင် ပိုပြီးစွမ်းဆောင်ရည်မြင့်မားတယ်လို့ ပြောလို့ရပါတယ်။
Hyundai Kona ကားကို ယခုနှစ်နှောင်းပိုင်းမှာ ရောင်းချသွားမှာဖြစ်ပြီးတော့ ဈေးနှုန်းအနေနဲ့ကတော့ အခြားသော အိမ်စီးကားတွေလိုမျိုးပဲ ဈေးနှုန်းသက်သက်သာသာနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။