လျှပ်စစ်ကား ထုတ်လုပ်သူ Tesla ရဲ့ မိုဘိုင်း  App ဟာ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ အသုံးပြုလို့မရခဲ့တဲ့အတွက် ကား ပိုင်ရှင်တွေဟာ App နဲ့ ကားကို ချိတ်ဆက်လို့ မရခဲ့ပါဘူး။ ဒါဟာ App Server ချွတ်ယွင်းမှုကြောင့် ဖြစ်နိုင်ပြီး အချိန်တိုအတွင်းမှာပဲ ကုမ္ပဏီက အဲဒီ ပြဿနာကို ဖြေရှင်းပေးနိုင်ခဲ့ပါတယ်။

tesla supercharger shanghai

Tesla ဟာ ကားသော့ အစား မိုဘိုင်း App ကနေ ကားတံခါးဖွင့်တာ၊ ကားစက်နှိုးတာတွေ ပြုလုပ်နိုင်အောင် ဖန်တီးပေးထားပါတယ်။ ဒါ့အပြင် တခြား ထိန်းချုပ်မှုတွေကိုလည်း မိုဘိုင်း App ကနေ ပြုလုပ်နိုင်ကြပါတယ်။ အဲဒီအတွက် ကား ပိုင်ရှင်တွေဟာ ကားသော့တွေ မကိုင်တော့ဘဲ အမြဲ ကိုင်နေကျ စမတ်ဖုန်းကနေပဲ ကားကို Unlock ပြုလုပ်ကြတာ ဖြစ်ပါတယ်။ အခုလို App သုံးလို့ မရတဲ့အတွက် ကားပိုင်ရှင်တွေဟာ ကားထဲဝင်လို့ မရခဲ့ပါဘူး။

Tesla app

အခု ပြဿနာဟာ တစ်ကမ္ဘာလုံးမှာ ဖြစ်ပွားခဲ့တဲ့အတွက် တော်တော်ကြီးမားတယ်လို့ ပြောနိုင်ပါတယ်။ Tesla ကား ပိုင်ရှင်တွေဟာ မိုဘိုင်း App ကိုပဲ အားကိုးမနေဘဲ ကားသော့ကိုလည်း အမြဲဆောင်ထားသင့်တယ်ဆိုတာ အခု ဖြစ်ရပ်ကနေ သင်ခန်းစာ ရသွားကြပြီလို့ ထင်ပါတယ်။

Tesla ဟာ ဒီ ၁ ပတ်ထဲမှာ မိုဘိုင်း App Update ကို ဖြန့်ချိပေးခဲ့ပြီး အခု ဖြစ်ရပ်ဟာ အဲဒါနဲ့ မသက်ဆိုင်ဘူးလို့ ထင်ပါတယ်။ Tesla က Update မှာ လက်ရှိ ကားပိုင်ရှင်နဲ့ ပိုင်ရှင် အသစ်တွေအတွက် လုပ်ဆောင်ချက် အသစ်တွေ ထည့်သွင်းပေးထားပါတယ်။ ကုမ္ပဏီက ပြဿနာရဲ့ အသေးစိတ် သတင်းအချက်အလက်တွေကို ထုတ်ပြန်ကြေညာတာ မရှိသေးပေမယ့် Tesla ပိုင်ရှင် Elon Musk က အဲဒီ ပြဿနာကို ဖြေရှင်းပြီးပြီလို့ တွစ်တာမှာ ကြေညာခဲ့ပါတယ်။

Ref : gizmochina