Samsung ကနေ ပြီးခဲ့တဲ့နှစ်တုန်းက ကုမ္ပဏီရဲ့ ပထမဆုံးသော Foldable ဖုန်းဖြစ်တဲ့ Samsung Galaxy Fold ကို မိတ်ဆက်ခဲ့ပြီး လာမယ့် သြဂုတ်လပိုင်းမှာဆိုရင် Galaxy Note 20 Series ဖုန်းတွေနဲ့အတူ Galaxy Fold 2 ကိုပါ မိတ်ဆက်လာတော့မှာပါ။

ဒါပေမယ့်လည်း လောလောဆယ်မှာ Foldable စမတ်ဖုန်းတွေဟာ စျေးနှုန်းအနေနဲ့ မြင့်မားနေပြီးတော့ ယခုနှစ်အစောပိုင်းမှာ မိတ်ဆက်ခဲ့တဲ့ Samsung Galaxy Z Flip ဆိုရင်လည်း ဒေါ်လာ ၁,၄၀၀ နီးပါးနဲ့ ရောင်းချခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယခုသိရှိရတဲ့သတင်းတွေအရတော့ လာမယ့်နှစ်မှာ Samsung ကနေ Foldable စမတ်ဖုန်းတွေရဲ့ စျေးနှုန်းကို သိသိသာသာကျဆင်းအောင် ဆောင်ရွက်နိုင်တော့မှာဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် Samsung ကနေ Galaxy Fold Lite စမတ်ဖုန်းကို လာမယ့် ၂၀၂၁ ခုနှစ်အတွင်းမှာ မိတ်ဆက်သွားဖို့စီစဥ်နေပြီး စျေးနှုန်းအနေနဲ့ ဒေါ်လာ ၉၀၀ (မြန်မာငွေ ၁၂ သိန်းခွဲဝန်းကျင်) ကနေ စတင်ရောင်းချသွားဖို့ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ စျေးနှုန်းဟာ လက်ရှိ Flagship စမတ်ဖုန်းတွေထက် သိသိသာသာကို စျေးသက်သာတဲ့အတွက် ဘာပဲဖြစ်ဖြစ် Foldable ဖုန်းတစ်လုံးအနေနဲ့ တော်တော်လေးကို တန်တယ်လို့ ပြောနိုင်မှာပါ။

Samsung ဟာ အခုနောက်ပိုင်းမှာ Galaxy S10 Lite နဲ့ Note 10 Lite လိုမျိုး Lite Version ဖုန်းတွေကို ဆက်တိုက်ထုတ်လုပ်လာသလို ယခုနှစ်ကုန်ပိုင်းမှာလည်း Qualcomm Snapdragon 865 Chipset နဲ့ OneUI 2.5 ကို အသုံးပြုလာမယ့် Galaxy S20 Lite ကိုလည်း မိတ်ဆက်သွားဦးမှာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုလိုမျိုး Galaxy Fold ကိုလည်း Lite Version ထုတ်သွားဖို့က ဖြစ်နိုင်ခြေများနေပါတယ်။

ဘာပဲဖြစ်ဖြစ် Foldable ဖုန်းတစ်လုံးကို စျေးသက်သက်သာသာနဲ့ အသုံးပြုချင်တယ်ဆိုရင်တော့ ဒီလိုမျိုး Galaxy Fold Lite ကို စောင့်ကြည့်တာအကောင်းဆုံးဖြစ်မှာပါ။

Ref – Giz China