Google ဟာ လက်ရှိအချိန်မှာ Pixel စမတ်ဖုန်းတွေအတွက် Spam Call Detection Feature အပြင် Spam Message တွေကိုပါ အလိုအလျောက် Block ပြုလုပ်နိုင်တဲ့ Feature တွေကို ထည့်သွင်းထားပြီးဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ US လိုမျိုး စျေးကွက်တွေမှာဆိုရင် Google Assistant ကို ဖုန်းကိုင်ခိုင်းနိုင်တဲ့ Call Screening လိုမျိုး Feature တွေကိုပါ အသုံးပြုနိုင်ဦးမှာပါ။

အခုအချိန်မှာလည်း Samsung ကနေ ဒီလိုမျိုး Spam Call တွေကို မကြာခင်မှာ အလိုအလျောက် Block ပြုလုပ်ပေးသွားတော့မယ်လို့ သိရပါတယ်။ ဒီလိုမျိုး Spam Call တွေကို သိရှိနိုင်ဖို့အတွက် Hiya ကုမ္ပဏီရဲ့ Real-time Detection နည်းပညာကို အသုံးပြုသွားမယ်ဆိုပြီး တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။

အဲ့ဒီအတွက် လက်ရှိ Samsung ဖုန်းတွေမှာပါဝင်တဲ့ Call Settings – Caller ID and Spam Protection ကနေ Smart Call Feature ကို Enable ပြုလုပ်လိုက်တာနဲ့ အသုံးပြုနိုင်မှာဖြစ်ပါတယ်။ လောလောဆယ်မှာ Galaxy Note 20 Series ဖုန်းတွေမှာ ပထမဆုံးအနေနဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး Hiya ကုမ္ပဏီနဲ့ ၂၀၂၅ ခုနှစ်အထိ စာချူပ်ချူပ်ဆိုထားတဲ့အတွက် နောက်ပိုင်း ထွက်ရှိလာမယ့် Samsung စမတ်ဖုန်းတွေအကုန်လုံးမှာပါ အသုံးပြုလာနိုင်ဖွယ်ရှိနေပါတယ်။

ဒါပေမယ့်လည်း Galaxy Note 20 Series အရှေ့ပိုင်းမှာထွက်ရှိထားတဲ့ Samsung စမတ်ဖုန်းတွေအတွက်ကတော့ ရရှိနိုင်မလားဆိုတာကတော့ အတိအကျမသိရှိရသေးပါဘူး။ နောက်ပြီး ယခု Smart Call Feature ဟာ Spam Call တွေမှန်းအတည်ပြုနိုင်တာနဲ့ အလိုအလျောက် Block ပဲပြုလုပ်မှာဖြစ်ပြီး Pixel စမတ်ဖုန်းတွေလိုမျိုး Google Assistant က ကြားထဲကနားထောင်ပေးနိုင်တဲ့ Call Screening နဲ့တော့ ဆင်တူမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ယခုသတင်းဟာ Samsung စမတ်ဖုန်းအသုံးပြုသူတွေအတွက်ကတော့ သတင်းကောင်းတစ်ခုဖြစ်ပြီး နောက်ပိုင်းမှာ Spam Call တွေကို မှားပြီးကိုင်မိမှာစိတ်ပူစရာမလိုတော့ပါဘူး။

Ref – Android Authority