Xiaomi ရဲ့ ကုမ္ပဏီခွဲ Huami က စမတ်နာရီ အသစ် ၁ လုံးကို ကြေညာလိုက်ပြီး အကြမ်းခံတဲ့ ဒီဇိုင်း ဖြစ်ပါတယ်။ အားကစားသမားတွေအတွက် အထူး ရည်ရွယ်ဖန်တီးထားတာ ဖြစ်ပြီး Amazfit Ares လို့ နာမည်ပေးထားပါတယ်။ အားကစား Mode ၇၀ ကို ထောက်ပံ့ထားပြီး Firstbeat ပလက်ဖောင်းကနေ အားကစား အရည်အသွေး တိုးတက်မှုကို စစ်ဆေးပေးနိုင်ပါတယ်။ GPS နဲ့အတူ နှလုံးခုန်နှုန်း တိုင်းတာပေးတဲ့ လုပ်ဆောင်ချက်တွေ ပါပါတယ်။

၁.၂၈ လက်မ Color Touchscreen တပ်ဆင်ထားပြီး 176×176 pixels Resolution ပါပါတယ်။ Gorilla Glass 3 နဲ့ ကာကွယ်ထားပြီး ကိုယ်ထည်ကို ပလတ်စတစ်နဲ့ တည်ဆောက်ထားပါတယ်။ ၄၈ ဂရမ် အလေးချိန်ရှိပြီး 5ATM ရေစိုခံ စွမ်းရည် ပါပါတယ်။ အားကစားတွေကို တိုင်းတာပေးနိုင်သလို Biotracker PPG Optical Heart Rate Sensor နဲ့ Sleep Tracking ထည့်ထားပါတယ်။

Bluetooth ကနေ Android 5.0 , iOS 10 Device တွေနဲ့ ချိတ်ဆက်နိုင်ပါတယ်။ 200mAh ဘက်ထရီ ပါလာပြီး Amazfit က ၂ နာရီအတွင်း အားအပြည့်သွင်းပေးနိုင်တယ်လို့ ပြောပါတယ်။ သာမာန် သုံးရင် ၁၄ ရက် အသုံးခံပါတယ်။ နှလုံးခုန်နှုန်း တိုင်းတာတာကို ပိတ်ထားပြီး Watch Mode နဲ့ သုံးရင် ရက် ၉၀ တောင် အသုံးခံပါတယ်။ ဘူးထဲမှာ သံလိုက်အားသွင်း Stand ထည့်ထားပါတယ်။

Amazfit Ares ကို ၄၉၉ ယွမ် သတ်မှတ်ထားပြီး မြန်မာငွေ ၉ သောင်းလောက်ရှိပါတယ်။ အနက်နဲ့ အစိမ်းရောင် ထုတ်လုပ်ထားပြီး တရုတ်မှာ ကြိုတင်မှာယူနိုင်ပါပြီ။ ဇွန်လ ၁ ရက်နေ့မှာ ရောင်းမှာပါ။

Ref : gsmarena