နာမည်ကြီး Market Research ကုမ္ပဏီတစ်ခုဖြစ်တဲ့ Strategy Analystics ကနေ အခုအချိန်မှာ ၂၀၂၀ ခုနှစ်အတွက် စမတ်ဖုန်းတွေရောင်းအားကို ခန့်မှန်းလိုက်ပါတယ်။ အဆိုပါ ခန့်မှန်းချက်အရ 5G စမတ်ဖုန်းရောင်းအားက ပြီးခဲ့တဲ့နှစ်တုန်းက ၁ ရာခိုင်နှုန်းပဲရှိတာကနေ ဒီနှစ်မှာ ၁၅ ရာခိုင်နှုန်းအထိရှိလာမှာဖြစ်ပါတယ်။

မနှစ်တုန်းက 5G စမတ်ဖုန်းတွေဟာ စုစုပေါင်း ၁၉ သန်းခန့် ရောင်းချရခဲ့ပြီး ကျန်တဲ့စမတ်ဖုန်းရောင်းအားက ၁,၃၉၄ သန်းရှိခဲ့တဲ့အတွက် စျေးကွက်ရဲ့ ၁ ရာခိုင်နှုန်းပဲ ရောင်းချခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၂၀ အတွက်ကတော့ စုစုပေါင်း စမတ်ဖုန်းရောင်းချရမှုက ၁,၃၆၄ သန်းကို ကျဆင်းသွားနိုင်ပေမယ့် 5G ဖုန်းရောင်းအားက ၁၅ ရာခိုင်နှုန်း သို့မဟုတ် စမတ်ဖုန်းအလုံးရေ ၁၉၉ သန်းအထိ ရောင်းချရမယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း လက်ရှိတကမ္ဘာလုံးမှာ 5G Network ကိုအသုံးပြုနိုင်တဲ့နိုင်ငံတွေနည်းပါးနေသေးတဲ့အတွက် အဆိုပါ 5G စမတ်ဖုန်းရောင်းအားရဲ့ ၉၀ ရာခိုင်နှုန်းဟာ China ၊ US ၊ South Korea ၊ Japan နဲ့ Germany နိုင်ငံမှာရှိနေမယ်လို့ သိရပါတယ်။ ဒါတင်မဟုတ်သေးဘဲ တရုတ်နိုင်ငံတစ်နိုင်ငံထဲမှာတင် 5G စမတ်ဖုန်းရောင်းအားစုစုပေါင်းရဲ့ ထက်ဝက်ကျော်လောက်ရှိနေမယ်လို့ ခန့်မှန်းခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Strategy Analytics ရဲ့ အဆိုအရတော့ လက်ရှိဖြစ်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် 5G စမတ်ဖုန်းတွေထုတ်လုပ်နိုင်မှုက ၂၀၂၀ ပထမနှစ်ဝက်ပိုင်းမှာတော့ ထင်ထားတာထက်လျော့နည်းဖို့ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိ စမတ်ဖုန်းစျေးကွက်ထဲမှာ တရုတ်နိုင်ငံမဟုတ်ဘဲ အကြီးမားဆုံးဖြစ်နေတဲ့ India နဲ့ Indonesia လိုမျိုး နိုင်ငံတွေကတော့ 5G ကိုသုံးနိုင်ဖို့တင် အနည်းဆုံးနောက်ထပ် ၁ နှစ်ကျော်လောက် စောင့်ဆိုင်းရဖွယ်ရှိနေတဲ့အတွက် အခုလိုမျိုး စျေးကွက်ရဲ့ ၁၅ ရာခိုင်နှုန်းကိုပဲ ယခုနှစ်မှာရောင်းချနိုင်မှာဖြစ်ပါတယ်။

Ref – GSM Arena