Apple iPhone နဲ့ iPad သို့မဟုတ် Mac ကွန်ပျူတာတွေကို AirPods နဲ့ အသုံးပြုနေတယ်ဆိုရင် တူညီတဲ့ Apple ID ကို ဝင်ထားလိုက်တာနဲ့ AirPods ဟာ ကိုယ်အသုံးပြုနေတဲ့ Device အပေါ်လိုက်ပြီး အလိုအလျောက်ပြောင်းလဲပေးနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး Seamless Feature တွေဟာ Apple Ecosystem ထဲကို ဝင်ရောက်မှသာ ရရှိနိုင်တဲ့ Feature တွေပဲ ဖြစ်နေပါသေးတယ်။

အခုအချိန်မှာတော့ Google ကနေ ဒီလိုမျိုး Bluetooth Headphone တွေအသုံးပြုနေတဲ့အချိန်မှာ AirPods လိုမျိုး သုံးနေတဲ့ Device အချင်းချင်း အလိုအလျောက်ပြောင်းလဲနိုင်ဖို့ကို စတင်ဆောင်ရွက်နေပြီလို့ ကြေညာခဲ့ပါတယ်။ ဒါဟာ လက်ရှိ Pixel Buds လိုမျိုး Bluetooth Earbuds တွေကို ဖွင့်လိုက်တာနဲ့ အလိုအလျောက်ချိတ်ဆက်နိုင်တဲ့ စာတန်းပေါ်လာစေတဲ့ Fast Pair နည်းပညာကို အခြေခံပြီး အဆင့်မြှင့်တင်သွားမယ်လို့ သိရပါတယ်။

Google ကတော့ အခုလိုမျိုး Device အချင်းချင်း အလိုအလျောက်ပြောင်းလဲနိုင်မယ့် Feature ကို ဘယ်အချိန်မှာ မိတ်ဆက်မလဲဆိုတာကို အတိအကျပြောကြားခြင်းမရှိခဲ့ဘဲ ၂၀၂၂ ခုနှစ်အတွင်းမှာ မိတ်ဆက်သွားမယ်လို့ပဲ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် Pixel ဖုန်းတွေပဲ အရင်ဆုံးရရှိနိုင်မလား ဒါမှမဟုတ် အသုံးပြုရတဲ့ Bluetooth Headphone မှာရော ကန့်သတ်ချက်တွေရှိမလားဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

ဒါပေမယ့်လည်း ဒီ Device အချင်းချင်း အလိုအလျောက်ပြောင်းလဲနိုင်ဖို့အတွက် Android ဖုန်းတွေ၊ Tablet တွေပဲ အသုံးပြုနေဖို့ မလိုအပ်ဘဲ Chromebook တွေ၊ Android TV နဲ့ တချို့သော Windows PC တွေမှာ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။

နောက်ထပ်လည်း Google ဟာ လက်ရှိ Apple ကနေ AirPods တွေမှာ Support ပြုလုပ်နေတဲ့ Spatial Audio with Full Head Tracking ကိုလည်း Android မှာ Support ပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘယ်အချိန်မှာ ဘယ်လိုမျိုး စမတ်ဖုန်းတွေ၊ Headphone တွေပဲ ရနိုင်မလဲဆိုတာကိုတော့ ပြောကြားခဲ့ခြင်းမရှိပြန်ပါဘူး။

Ref – The Verge