TSMC ဟာ ၂၀၂၀ မှာ 5G Chip တွေအတွက် အလုပ်များခဲ့သလို လာမယ့်နှစ်တွေအတွက်လည်း အစီအစဉ်တွေ ပြည့်နှက်နေတာကို တွေ့မြင်နိုင်ပါတယ်။ ထိုင်ဝမ်အခြေစိုက်ကုမ္ပဏီကြီးဟာ Apple ရဲ့ iPhone နဲ့ iPad တွေအတွက် A16 Chip တွေထုတ်ဖို့ အချိန်ဇယားတစ်ခုရှိနေပါတယ်။

ဟုတ်ပါတယ်။ A16 chip သစ်တွေကို ကမ္ဘာ့အကြီးမားဆုံး Chipmaker တွေထဲမှာတစ်ခုအပါအဝင်ဖြစ်တဲ့ TSMC က 3nm process နဲ့အတူ လာမယ့် ၂၀၂၂ ခုနှစ်အတွင်း အချိန်မီထုတ်လုပ်ပေးရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်း TSMC ဟာ 3nm chip တွေအတွက် လုပ်ဆောင်နေတာဖြစ်ပေမယ့် သေးငယ်တဲ့အဆင့်တစ်ခုပဲ ရောက်ရှိသေးတယ်လို့ သိရပါတယ်။

Roadmap အရ 3nm process အတွက် သုတေသနပြုလုပ်မှုလမ်းကြောင်းပေါ်မှာရှိနေပြီး လာမယ့်နှစ်အတွင်း အကြီးအကျယ်ထုတ်လုပ်နိုင်တဲ့ အောင်မြင်မှုကို ရရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။ ဒါ့အပြင် ကုမ္ပဏီဟာ 3nm လုပ်ငန်းစဉ်အသစ်အတွက် ထုတ်လုပ်မှုလိုင်းတွေနဲ့ ဆက်စပ်ပစ္စည်း တည်ဆောက်ခြင်းတွေကိုလည်း စတင်ခဲ့ပါတယ်။

သတင်းသစ်အရ 3nm လုပ်ငန်းစဉ်သစ်ဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ စမ်းသပ်ထုတ်လုပ်မှုအဆင့်တစ်ခုဆီရောက်ရှိမှာဖြစ်ပြီး ၂၀၂၂ ခုနှစ်ရဲ့ ဒုတိယနှစ်ဝက်အတွင်းမှာတော့ အလုံးအရင်းလိုက် ထုတ်လုပ်ပြီး တင်ပို့နိုင်တဲ့အဆင့်ကို ရောက်နိုင်လိမ့်မယ်လို့ သိရပါတယ်။ ဒီအချိန်ဇယားဟာ Apple ရဲ့ ၂၀၂၂ iPhone စီးရီး ဖြန့်ချိချိန်နဲ့ တူညီတဲ့အချိန်လည်း ဖြစ်ပါတယ်။

ဒါကြောင့် A16 chip တွေကို Apple ရဲ့ မျိုးဆက်သစ် ၂၀၂၂ iPhone နဲ့ iPad တွေမှာ တွေ့မြင်ရဖို့ သေချာသလောက် ရှိနေတယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိအချိန်မှာတော့ TSMC ဟာ တိုးတက်မှုဖြစ်စဉ်တွေရှိနေပြီး 5nm process ကလည်း စီးပွားဖြစ်ထုတ်လုပ်ဖို့ အဆင်သင့် ဖြစ်နေတယ်လို့ သိရပါတယ်။

TSMC ဟာ 5nm node ပေါ်မူတည်ပြီး အဆင့်မြှင့်တင်ထားတဲ့ မျိုးကွဲတွေပြုလုပ်ဦးမယ်လို့လည်း သိရပါတယ်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စု၊ အရီဇိုးနားမှာရှိတဲ့ သူတို့ရဲ့စက်ရုံသစ်မှာ ဒေါ်လာ ၁၂ ဘီလီယံ ရင်းနှီးမြှုပ်နှံခဲ့တာကလည်း Apple ရဲ့အမှာစာတွေအတွက် ဒေသတွင်းရောင်းချမှုအဖြစ် စီစဉ်တာပဲ ဖြစ်ပါတယ်။

Ref: Gizmochina