Apple ရဲ့ Foldable နဲ့ ပတ်သက်ပြီးပြောရရင် ပျင်းစရာပုံပြင်ရှည်ကြီးလိုပါပဲ။ Android လောကမှာ Foldable တွေကို Brand အတော်များများက အပြိုင်အဆိုင်ထုတ်နေချိန်၊ ဈေးနှုန်းတွေ အပြိုင်အဆိုင်လျှော့နေချိန်မှာ iOS ပရိသတ်တွေကတော့ ငေးကြည့်ရင်း ပုံပြင်ဟောင်းတွေကိုပဲ ပြန်နားထောင်နေရပါတယ်။

အခု Apple ရဲ့ Foldable device ကို မြင်ရပြီလားလို့မေးရင်လည်း မမြင်ရသေးပါဘူးလို့ပဲ ဖြေရမှာဖြစ်ပါတယ်။ အခုက Apple ဟာ Foldable iPhone ဒါမှမဟုတ် iPad တွေမှာသုံးမဲ့ Folding OLED screen အသစ်ကို တီထွင်ထုတ်လုပ်နေပြီး တိုးတက်မှုလည်းဖြစ်ပေါ်နေပြီလို့ တောင်ကိုရီးယားရဲ့ The Elec က ရေးသားဖော်ပြလိုက်တာပါ။

အပြောင်းအလဲ ဒါမှမဟုတ် အောင်မြင်မှုလို့ပြောနိုင်တာတစ်ခုက Panel ပေါ်မှာ Polarizer layer မပါရှိတော့တာပါပဲ။ ဒါကို လက်ရှိသမားရိုးကျ Foldable display အချို့မှာ အသုံးပြုနေပါတယ်။ တူညီတဲ့ Polarizer-less display နည်းပညာကို Samsung က သူ့ရဲ့ Eco²OLED display တွေမှာ အသုံးပြုထားပြီး Galaxy Z Fold3 မှာ တွေ့မြင်နိုင်ပါတယ်။

Apple ကလည်း သူ့ရဲ့ Foldable device တွေအတွက် အလားတူနည်းလမ်းကို ကြံဆနေတာဖြစ်ပါတယ်။ Polarizer layer ကို ဖယ်ရှားခြင်းက မြင်နိုင်စွမ်းနဲ့အမြင့်ဆုံးတောက်ပမှုကိုရရှိစေသလို ပိုပြီးပါးလွှာတဲ့ Folding display ကိုလည်း ရရှိစေပါတယ်။ Brightness ဟာ Foldable panels တွေရဲ့ တာရှည်ခံမှုကို အပျက်သဘောဖြစ်စေတာကြောင့် ထုတ်လုပ်သူတွေက မျက်နှာပြင်ရဲ့ ပါဝါသုံးစွဲမှုတိုးမြင့်စေဖို့ တွန်းအားပေးကြပါတယ်။

Apple အနေနဲ့ လက်ရှိ Foldable panels တွေရဲ့ ပြဿနာတွေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။ “အကြံတူ နောက်လူသာစမြဲ” ဆိုတဲ့ မြန်မာဆိုရိုးအတိုင်း Apple က ပိုပြီးသာလွန်ကောင်းမွန်တဲ့ Foldable device တွေထုတ်လာနိုင်မလားဆိုတာ စောင့်ကြည့်ကြရမှာပါ။ ဒါပေမဲ့ မျှော်တော်ယောင်ပုံပြင်တွေကိုတော့ လာမဲ့ ၂၀၂၅ ခုနှစ်မတိုင်မီအထိ ဆက်ပြီးနားထောင်နေကြရဦးမှာပါပဲ။

Ref: GSM Arena