Apple ဟာ ၂၀၁၉ ခုနှစ်ရဲ့ နောက်ဆုံးသုံးလပတ်မှာ iPhone ရောင်းအားကောင်းခဲ့ကြောင်း ကြေညာခဲ့ပါတယ်။ iPhone X ကစပြီး ဒီဇိုင်းပြောင်းခဲ့ပေမယ့် Apple အသုံးပြုသူအများစုကတော့ Home Button ပါဝင်တဲ့ iPhone ခပ်သေးသေးကို ပိုင်ဆိုင်လိုစိတ်ရှိနေကြတုန်း ဖြစ်ပါတယ်။

iPhone SE ကိုဆက်ခံမယ့် မျိုးဆက်သစ်နဲ့ပတ်သက်ပြီး ကောလာဟလတွေထွက်နေခဲ့တာကြာမြင့်နေပြီဖြစ်သလို၊ နောက်ဆုံးအခြေအနေအရ ဒါဟာ iPhone 9 ဖြစ်ကြောင်း အတည်ပြုချက်ပဲလိုတော့တာပါ။ iPhone 6, 7, 8 တို့ရဲ့ အငွေ့အသက်လည်း မပျက်ပြယ်ဘဲ ဆက်လက်ပါဝင်နေဦးမယ့် iPhone 9 ကို မျှော်လင့်စောင့်စားနေကြသူတွေအတွက် သတင်းကောင်းတစ်ခု ထွက်လာပါပြီ။

တရုတ်နိုင်ငံအတွင်း ကူးစက်မြန်ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့နေမှုကြောင့် အရေးပေါ်အခြေအနေကြေညာထားရပြီး ကူးသန်းရောင်းဝယ်ရေးနဲ့ ကုန်စည်ထုတ်လုပ်မှုလုပ်ငန်းလည်ပတ်မှုတွေလည်း ထိခိုက်နေရပေမယ့် iPhone 9 ရဲ့ ထုတ်လုပ်မှုဖြစ်စဉ်ကတော့ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ ယုံကြည်ရပါတယ်။

iPhone 9 ဟာ စမ်းသပ်ထုတ်လုပ်မှုကိုတောင် စတင်နေနှင့်ပြီးဖြစ်တယ်လို့ တရုတ်ထုတ်လုပ်မှုနယ်ပယ်ထဲကထွက်လာတဲ့ အတွင်းသတင်းတွေကိုကိုးကားပြီး My Drivers က အခိုင်အမာရေးသား ဖော်ပြခဲ့တာပါ။ ဒါ့အပြင် iPhone 9 ကို မတ်လထဲမှာ ဖြန့်ချိမယ်လို့လည်း ဆိုပါတယ်။ ထုတ်လုပ်မှုထောက်ပံ့ရေးကွင်းဆက်တွေဘက်က သတင်းအရ အလုံးရေ သန်း ၃၀ ကျော်နိုင်တယ်လို့လည်း သိရပါတယ်။

Apple ဟာ ဖေဖော်ဝါရီလလယ်ကစပြီး iPhone 9 ကို အလုံးအရင်းလိုက် ထုတ်လုပ်သွားမယ်လို့လည်း ရေးသားဖော်ပြထားကြပါသေးတယ်။ iPhone 9 ဟာ ၂၀၂၀ ရဲ့ စမတ်ဖုန်းဈေးကွက်ထဲမှာ ဆွဲဆောင်မှုကောင်းတဲ့ ဈေးနှုန်းအဖြစ် ၄၃၂ ဒေါ်လာ ဝန်းကျင် (မြန်မာငွေ ၆ သိန်း ၃ သောင်းဝန်းကျင်) နဲ့ ရောင်းချနိုင်တယ်လို့ ဆိုပါတယ်။ iPhone SE ကို ပထမဆုံးရောင်းချခဲ့စဉ်က ၃၉၉ ဒေါ်လာ (မြန်မာငွေ ၅ သိန်း ၈သောင်းခွဲဝန်းကျင်) ဖြစ်တာကြောင့် iPhone 9 ရဲ့ဈေးနှုန်းက ဝယ်ပျော်တဲ့ဈေးနှုန်းလို့ပဲ ဆိုရတော့မှာပါ။

iPhone 9 နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေက ကောလာဟလသတင်းတွေအနေနဲ့ပဲ ရှိသေးတာဖြစ်ပြီး တိကျခိုင်မာတဲ့ အနေအထားရောက်အောင်လို့ ရက်သတ္တပတ် အနည်းငယ်တော့ စောင့်ဆိုင်းရဦးမယ်လို့ ယူဆရပါတယ်။ ဘာပဲဖြစ်ဖြစ် iPhone 9 ရဲ့ သတင်းဟာ ဖေဖော်ဝါရီလထဲမှာ စိတ်ဝင်တစားစောင့်ကြည့်ရမယ့် သတင်းပဲ ဖြစ်ပါလိမ့်မယ်။

Ref: GSMArena