Apple ဟာ iPad နဲ့ Watch Series အသစ် မိတ်ဆက်ပွဲမှာ စိတ်ဝင်စားစရာကောင်းတဲ့ သတင်းအချက်အလက် ၁ ခုကို မျှဝေလိုက်ပါတယ်။ အဲဒါကတော့ ၂၀၁၀ ခုနှစ်မှာ ရောင်းချခဲ့တဲ့ ပထမဆုံး iPad ကနေ လက်ရှိအချိန်အထိ iPad အလုံးရေ သန်း ၅၀၀ ကျော် ရောင်းချထားနိုင်တယ်ဆိုတာပါပဲ။ ဒါဟာ Apple အတွက် သမိုင်းမှတ်တိုင် ၁ ခုလို့ ပြောနိုင်ပါတယ်။

Apple ဟာ ပုံမှန်အားဖြင့် ထုတ်ကုန် ရောင်းအားတွေကို ပြောလေ့ မရှိပါဘူး။ အခုလည်း ထုတ်ကုန် မိတ်ဆက်ပွဲမှာ အကြောင်းတိုက်ဆိုင်လို့ ပြောလိုက်တာ ဖြစ်ပြီး ၂၀၁၈ ခုနှစ် နောက်ပိုင်းမှာ တက်ဘလက် ရောင်းအားကို ပြောတာ ဒါပထမဆုံး ဖြစ်လာပါတယ်။ Apple က ကုမ္ပဏီရဲ့ ထုတ်ကုန်မျိုးစုံဟာ ရောင်းအား အရမ်းကောင်းတယ်ဆိုတာကို ကြွားချင်ပုံရပါတယ်။

iPad ရောင်းအား အကြောင်းပြောရရင် ဝယ်ယူသူ စုစုပေါင်းရဲ့ ၅၃ ရာခိုင်နှုန်းဟာ ပထမဆုံး အကြိမ် iPad ဝယ်ယူတာ ဖြစ်ပါတယ်။ ကပ်ရောဂါ ကာလမှာတောင် iPad ရောင်းအားကောင်းနေတာက အံ့အားသင့်စရာကောင်းပါတယ်။ တက်ဘလက် ဈေးကွက်မှာလည်း iPad တွေဟာ မင်းမူအုပ်စိုးနေပါတယ်။

နောက်ပိုင်းမှာလည်း iPad ရောင်းအား ပိုကောင်းလာမှာ သေချာပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ Apple ဟာ iPad Air နဲ့ တန်ဖိုးနည်း iPad အသစ်တွေကို ကြေညာခဲ့လို့ ဖြစ်ပါတယ်။

Ref : gsmarena