Apple ဟာ အရင်နှစ်က ကျင်းပခဲ့တဲ့ Worldwide Developer Conference (WWDC) မှာ Face ID နဲ့ Touch ID ကို သုံးကာ Safari ကနေ ဝက်ဘ်ဆိုက်တွေကို Sign In လုပ်နိုင်တဲ့ နည်းပညာကို ဖန်တီးနေတယ်လို့ ကြေညာခဲ့ပါတယ်။ ဒီနှစ်မှာတော့ Apple က ဒီနည်းပညာရဲ့ တစ်စိတ်တစ်ပိုင်းကို ချပြလိုက်ပါတယ်။ ဒီနှစ် WWDC မှာ Apple က Password တွေ မလိုဘဲ ဝက်ဘ်ဆိုက်တွေမှာ Sign Up လုပ်နိုင်တဲ့ Passkeys နည်းပညာအသစ်ကို ကြေညာလိုက်ပါတယ်။

ဒီနည်းပညာရဲ့ အလုပ်လုပ်ပုံက ဒီလိုပါ။ ဒီနည်းပညာ ထောက်ပံ့တဲ့ ဝက်ဘ်ဆိုက်တစ်ခုမှာ Sign Up လုပ်ရင် Username ကို သင်နှစ်သက်ရာပေးနိုင်ပြီး Password သတ်မှတ်စရာ မလိုဘဲ သင့်ရဲ့ Face ID or Touch ID ကို အသုံးပြုရမှာပါ။ Passkeys ကို iPhone , iPad နဲ့ Mac အတွက် ဒီနှစ်နှောင်းပိုင်းမှာ ထည့်သွင်းပေးမှာပါ။

Passkeys နည်းပညာဟာ iCloud Keychain ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး  FIDO (Fast IDentity Online) Alliance ရဲ့  WebAuthn Protocol ကို အခြေပြုထားတာပါ။ Apple က Passkeys ရဲ့ လုံခြုံမှုကိုအောက်ပါ Chart မှာ ဖော်ပြထားပါသေးတယ်။ ဒီနည်းပညာက Phishing Attack ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် Apple Device တွေမှာပဲ သုံးနိုင်မှာပါ။

Google နဲ့ Microsoft တို့ကလည်း Password မလိုဘဲ Biometric Authentication သို့မဟုတ် Yubico လို Hardware Keys တွေနဲ့ Login ဝင်နိုင်တဲ့ နည်းပညာတွေကို ဖန်တီးပေးထားပါတယ်။ Microsoft က Password မလိုတဲ့ နည်းပညာကို အသုံးပြုနေတဲ့ အကောင့်ပေါင်း သန်း ၂၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။

Apple က Face ID , Touch ID နဲ့ Sign Up လုပ်နိုင်တဲ့ နည်းပညာ အပြင် macOS Monterey နဲ့ iOS 15 တို့မှာ Hardware Security Keys အတွက် APIs ကိုလည်း ဖန်တီးပေးထားပါတယ်။

Ref : thenextweb