တကယ်တော့ iPhone 12 စီးရီးတွေ ဈေးကွက်ထဲရောက်တာ လအနည်းငယ်ပဲ ရှိပါသေးတယ်။ ဒါပေမယ့် Ming-Chi Kuo ကတော့ iPhone 13 စီးရီးအကြောင်းကို စပြီးပြောနေပါပြီ။ Kuo ကတော့ အမေရိကန်နည်းပညာကုမ္ပဏီကြီးရဲ့ iPhone ပြုပြင်ပြောင်းလဲရေးဟာ ၂၀၂၁ မှာ ပုံမှန်ပြန်ဖြစ်သွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့် iPhone 13 မိသားစုအားလုံးကို လာမယ့် ၂၀၂၁ စက်တင်ဘာလကုန်မှာ တွေ့မြင်ရမယ်လို့ မျှော်လင့်ရပါတယ်။ လက်ရှိ ၂၀၂၀ ပြည့်နှစ်မှာတော့ ကမ္ဘာ့ကပ်ရောဂါကြောင့် iPhone 12 စီးရီးရဲ့ မိတ်ဆက်ချိန်တွေဟာ ပုံမှန်မဟုတ်ဘဲ ကစဉ့်ကလျားဖြစ်ခဲ့ပါတယ်။ iPhone 12 နဲ့ 12 Pro ကို အောက်တိုဘာမှာ လွှတ်ခဲ့ပြီး iPhone 12 mini နဲ့ 12 Pro Max တို့ကိုတော့ နိုဝင်ဘာမှ ရောင်းချနိုင်ခဲ့တာပါ။

ဒါ့အပြင် TSMC ရဲ့ A15 chip ထုတ်လုပ်မှုပိုင်းနဲ့ပတ်သက်ပြီးတော့လည်း စိုးရိမ်စရာအခြေအနေတွေ လျော့ကျနေပြီလို့ Kuo က အတည်ပြုပြောဆိုခဲ့ပါသေးတယ်။ Apple ဟာ COVID-19 ရဲ့ ရိုက်ခတ်မှုဆိုးကျိုးတွေကို အနည်းငယ်ပဲ ခံစားခဲ့ရပုံပေါက်ပါတယ်။ ၂၀၂၀ ပြည့်နှစ်အတွက်ရည်ရွယ်ထားတဲ့ Flagship iPhone တွေကလည်း အခုအချိန်မှာ ဈေးကွက်ထဲကောင်းကောင်းရပ်တည်နေနိုင်တာကို တွေ့မြင်နိုင်ပါတယ်။

iPhone 12 Pro နဲ့ iPhone Pro Max တို့ဟာ တိုတောင်းတဲ့ကာလအတွင်းမှာပဲ အရောင်းခန့်မှန်းချက်တွေထက် ကျော်လွန်လာတာကိုလည်း တွေ့မြင်ရပါတယ်။ ဒါကြောင့် Apple အနေနဲ့လည်း လာမယ့် ၂၀၂၁ ခုနှစ်နွေရာသီမှာ မိတ်ဆက်မယ့် iPhone 13 စီးရီးအပေါ် ပိုပြီးအာရုံစိုက်လာပြီလို့ ဆိုရပါလိမ့်မယ်။ iPhone 13 စီးရီးဟာ ဒီဇိုင်းပိုင်းမှာလည်း အပြောင်းအလဲအနည်းငယ်မြင်တွေ့လာနိုင်သလို၊ Pro အမျိုးအစားတွေက Ultra-wide lens ဟာ ပိုပြီးအဆင့်မြင့်လာမယ်လို့ Kuo က ဟောကိန်းထုတ်ထားပါသေးတယ်။

Ref: GSM Arena