အခုလောလောဆယ်အထိ တကမ္ဘာလုံးမှာ Chip Shortage ပြဿနာကို ကြုံတွေ့နေရတာဖြစ်ပါတယ်။ ဒီလိုမျိုး Chip Shortage ပြဿနာနဲ့ ကြုံတွေ့နေရတဲ့အထဲမှာ Apple လိုမျိုး ကုမ္ပဏီလည်း အပါအဝင်ဖြစ်ပါတယ်။

နောက်ဆုံးသိရှိထားရတဲ့သတင်းတွေအရဆိုရင် Apple ဟာ iPhone 13 Series ထုတ်လုပ်မှုကို အတတ်နိုင်ဆုံးထိခိုက်မှုမရှိစေဖို့အတွက် iPad ထုတ်လုပ်မှုတွေကိုပါ လျော့ချပြီး iPhone ကိုပဲ ဦးစားပေးထုတ်လုပ်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း iPhone ထုတ်လုပ်မှုတွေဟာ အနည်းနဲ့အများတော့ ထိခိုက်နေဆဲဖြစ်ပါတယ်။

အခုလည်း DigiTimes ကနေ Apple iPhone 13 Series ဟာ လာမယ့်နှစ် ဖေဖော်ဝါရီလအထိ ဝယ်လိုအားကို လိုက်မှီအောင် ထုတ်လုပ်နိုင်ဦးမှာမဟုတ်သေးဘူးလို့ ဖော်ပြလိုက်ပါတယ်။ ဒါကလည်း အဓိက Apple A15 Chip ကို ထုတ်လုပ်ပေးနေတဲ့ TSMC ဟာ လိုက်မှီအောင် Production Line တွေကို တိုးချဲ့ပြီး ထုတ်လုပ်နေပေမယ့် တခြားသော Legacy Chip ထုတ်လုပ်သူတွေက နှောင့်နှေးနေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ တတိယ ၃ လပတ်မှာ Apple ဟာ အခုလိုမျိုး Component ထောက်ပံ့မှုပြဿနာတွေကြောင့် ကုမ္ပဏီကို ဒေါ်လာ ၆ ဘီလီယံအထိ ဆုံးရှုံးစေခဲ့တယ်လို့ Tim Cook က ပြောကြားခဲ့ပါသေးတယ်။ အခုပုံစံအတိုင်းဆိုရင် Apple ဟာ ဆက်လက်ပြီး ဆုံးရှုံးမှုတွေကို ကြုံတွေ့ရဦးမှာကလည်း သေချာနေပါပြီ။

Ref – GSM Arena