Apple ဟာ လာမယ့် စက်တင်ဘာလ ၁၂ ရက်နေ့မှာ iPhone အသစ်တွေကို ထုတ်ပြသွားတော့မှာပဲဖြစ်ပါတယ်။ အခု Apple iPhone အသစ်တွေဟာ Apple ရဲ့ Headquarter အသစ်ဖြစ်တဲ့ Apple Park မှာ မိတ်ဆက်မယ့် ပထမဆုံးသော iPhone တွေဖြစ်လာသလို မနှစ်ကထွက်ရှိခဲ့တဲ့ iPhone X ရဲ့ မျိုးဆက်သစ်ဖြစ်လာမယ့် စမတ်ဖုန်းတွေဆိုရင်လည်း မမှားပါဘူး။

ပြီးခဲ့တဲ့နှစ်တုန်းက Apple က iPhone X ကို ဈေးနှုန်းအနေနဲ့ $999 လို့ သတ်မှတ်ရောင်းချခဲ့ပြီး ပထမဆုံးအနေနဲ့ အမြောက်အများရောင်းချတဲ့ စမတ်ဖုန်းတွေထဲမှာ ဒေါ်လာ ၁၀၀၀ ကနေ စတင်တဲ့ စမတ်ဖုန်းတစ်ခုဖြစ်လာပါတယ်။ ဒီနှစ်မှာ Apple က Budget LCD iPhone ကိုပါ ထုတ်လုပ်လာမယ်ဆိုပေမယ့် အစောပိုင်းသတင်းတွေအရ iPhone X ရဲ့ မျိုးဆက်ဖြစ်လာမယ့် OLED Display နဲ့ iPhone အသစ်ကပါ iPhone X ထက် သက်သာတဲ့ဈေးနဲ့ ရရှိလာမယ်လို့ သတင်းတွေထွက်ရှိခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အခုနောက်ဆုံး သိရတဲ့သတင်းတွေအရတော့ ဒါက ဖြစ်လာမှာမဟုတ်ဘဲ 5.8″ OLED Display နဲ့ ထွက်လာမယ့် မျိုးဆက်သစ် iPhone အသစ်ကိုယ်တိုင်က အနည်းဆုံး ဒေါ်လာ ၁၀၀၀ ကနေ စတင်မယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် Plus Model ဖြစ်လာမယ့် 6.5″ OLED iPhone က အနိမ့်ဆုံး ဒေါ်လာ ၁၂၀၀ ကနေ ၁၃၀၀ လောက် အထိ ရှိမယ်လို့ ယူဆရပါတယ်။

ဒါတင်မဟုတ်သေးဘဲ Apple ဟာ Budget LCD iPhone လို့ ကြွေးကြော်နေတဲ့ 6.1″ LCD iPhone ကိုလည်း အနည်းဆုံး ဒေါ်လာ ၇၀၀ ကနေ ၇၅၀ အတွင်း ရောင်းချသွားမှာဖြစ်တဲ့အတွက် ဈေးအကြီးဆုံး Budget ဖုန်းတစ်လုံးလို့တောင် ပြောလို့ရတော့မှာပါ။

ဘာပဲဖြစ်ဖြစ် ဒီ Apple iPhone အသစ်တွေရဲ့ သတင်းအသေးစိတ်ကိုတော့ လာမယ့် စက်တင်ဘာလ ၁၂ ရက်နေ့မှာ မြင်တွေ့ရတော့မှာပါ။