Samsung ကနေ ဒီနှစ်ရဲ့ Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Samsung Galaxy S9 နဲ့ S9+ စမတ်ဖုန်းတွေဟာ ယခင်နှစ်တွေက ထုတ်လုပ်ထားခဲ့တဲ့ Samsung ရဲ့ Flagship S Series စမတ်ဖုန်းတွေလောက် ရောင်းအားမကောင်းပဲဖြစ်နေပါတယ်။ ဒါက အခုနောက်ပိုင်းမှာ တဖြည်းဖြည်း ရောင်းအားပိုကျလာပြီပဲဖြစ်ပါတယ်။

Samsung ရဲ့ Galaxy S9 နဲ့ S9 Plus စမတ်ဖုန်းတွေက ထွက်ရှိတဲ့အချိန်တုန်းကတော့ ရောင်းအားကောင်းတဲ့ စမတ်ဖုန်းတွေဖြစ်ခဲ့ပေမယ့်အခုအချိန်မှာတော့ ဝယ်ယူမယ့်သူတွေက Samsung Galaxy S9 ဖုန်းတွေထက် အခြားသော စမတ်ဖုန်းတွေကိုပဲ စဉ်းစားပြီး ဝယ်ယူနေကြတယ်လို့ သိရပါတယ်။ အခုလိုမျိုး ရောင်းအားကျဆင်းမှုကြောင့် Samsung က ယခင်က မှန်းထားတဲ့ရောင်းအားကိုတောင် ပြည့်မှီအောင်ရောင်းချနိုင်ဖို့ ခဲယဉ်းနေပြီဖြစ်ပါတယ်။

Samsung ဟာ ပြီးခဲ့တဲ့ ဧပြီလတုန်းကတော့ တကမ္ဘာလုံးမှာ ရောင်းအားအကောင်းဆုံး စမတ်ဖုန်းအနေနဲ့ Galaxy S9 Plus ကို ရောင်းချခဲ့ရပေမယ့် ပြီးခဲ့တဲ့ မေလမှာတော့ ရောင်းအား ၂.၄ ရာခိုင်နှုန်းကျဆင်းသွားပြီး ရောင်းအားအကောင်းဆုံးဖုန်းနေရာကနေ ဖယ်ရှားပေးလိုက်ရတာဖြစ်ပါတယ်။ အံ့သြဖို့ကောင်းတဲ့အချက်တစ်ခုကတော့ အခု Samsung Galaxy S9 Plus စမတ်ဖုန်းကို အနိုင်ရပြီး ရောင်းအားအကောင်းဆုံးသော စမတ်ဖုန်းအဖြစ်သတ်မှတ်ခံလိုက်ရတဲ့ စမတ်ဖုန်းက Apple ကနေ မနှစ်က ထုတ်လုပ်ထားတဲ့ Apple iPhone 8 ဖြစ်နေတာပဲဖြစ်ပါတယ်။

Apple ရဲ့ လက်ရှိအချိန်အထိ အကောင်းဆုံးဖုန်းတစ်ခုဖြစ်တဲ့ Apple iPhone X ကလည်း လောလောဆယ်မှာ တတိယနေရာမှာ ရောက်ရှိနေတဲ့အတွက် iPhone တွေကတော့ ထွက်တာတစ်နှစ်လောက်ရှိသွားပြီး မကြာခင်မှာ iPhone အသစ်တွေထွက်တော့မှာဖြစ်ပေမယ့်လည်း ရောင်းအားကတော့ လုံးဝမကျတဲ့ပုံပါပဲ။ အခုလိုမျိုး iPhone တွေဝယ်ယူမှုမြင့်မားလာတာက Apple ကနေ iOS 12 ကို ကြေညာခဲ့တာကြောင့်လည်း ဖြစ်မယ်လို့ အချို့သောသတင်းတွေက ပြောကြားထားပါတယ်။

Apple နဲ့ Samsung အပြင် အခုလိုမျိုး ရောင်းအားအကောင်းဆုံးနေရာကို ရောက်ရှိနေတဲ့စမတ်ဖုန်းကတော့ Xiaomi Redmi 5A နဲ့ Redmi Note 5 စမတ်ဖုန်းတွေပဲဖြစ်ပြီး လေ့လာသုံးသပ်သူတွေကတော့ Xiaomi ရဲ့ Flagship ဖုန်းဖြစ်တဲ့ Mi 8 လည်း အခုလိုရောင်းအားအကောင်းဆုံးဖုန်းတွေထဲမှာ ပါဝင်လာနိုင်တယ်လို့ ယူဆထားကြပါတယ်။