Apple ဟာ လက်ရှိအချိန်မှာ စမတ်ဖုန်းတွေထဲမှာ စွမ်းဆောင်ရည်အကောင်းဆုံး Chipset တွေကို ထုတ်လုပ်နေတဲ့ ကုမ္ပဏီတစ်ခုလို့တောင် ပြောနိုင်ပါတယ်။ အဲ့ဒီလိုမျိုးပဲ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက ထွက်ရှိခဲ့တဲ့ MacBook Pro 13-inch နဲ့ MacBook Air တွေမှာ အသုံးပြုထားတဲ့ Apple M1 Chip ဟာလည်း အလားတူစျေးဝန်းကျင်မှာရှိတဲ့ Intel Processor သုံး Laptop တွေကို နောက်ကောက်ချထားနိုင်ခဲ့တာဖြစ်ပါတယ်။

အခုလည်း Apple ကနေ ကိုယ်ပိုင် Chipset ထုတ်လုပ်မှုကို ဆက်လက်အားစိုက်သွားမှာဖြစ်ပြီး လာမယ့် ၂၀၂၂ ခုနှစ်မှာ Apple Mac ကွန်ပျူတာတွေအားလုံးကို ကိုယ်ပိုင် Chipset ပဲ အသုံးပြုဖို့အထိ ခန့်မှန်းထားတာဖြစ်ပါတယ်။ နောက်ဆုံးထွက်ရှိလာတဲ့သတင်းတစ်ခုအရလည်း Apple ဟာ ဒီလိုမျိုး Chipset ထုတ်လုပ်မှုပိုင်း ထိပ်ဆုံးကနေ ဦးဆောင်နေဖို့ကို သေချာသလောက်ဖြစ်နေပါတယ်။

အဆိုပါ သတင်းကတော့ Apple ကနေ လာမယ့် ၂၀၂၂ ခုနှစ်မှာ ထုတ်လုပ်သွားမယ့် iPhone အပြင် MacBook တွေအတွက်ပါ 3nm Architecture ကို အခြေခံထားတဲ့ Chipset တွေကို အသုံးပြုသွားမှာပဲဖြစ်ပါတယ်။ ယခုသတင်းကိုတော့ DigiTimes ကနေတစ်ဆင့် MacRumors ကနေ ဖော်ပြသွားခဲ့တာဖြစ်ပါတယ်။

ဒီလိုမျိုး Apple အတွက် 3nm Chip တွေကို Taiwan Chip Company ဖြစ်တဲ့ TSMC ကပဲ ထုတ်လုပ်ပေးသွားမယ်လို့ သိရပါတယ်။ TSMC ဟာ လက်ရှိအချိန်မှာလည်း Apple အတွက် Chip တွေအဓိကထောက်ပံ့ပေးနေတာဖြစ်ပြီး အခုလိုမျိုး Apple Device တွေ စွမ်းဆောင်ရည်အလွန်ကောင်းမွန်နေတာက TSMC ကြောင့်လည်း ပါဝင်တယ်လို့ ပြောနိုင်ပါတယ်။

Apple ကနေ အစောပိုင်းတုန်းက MacBook တွေအတွက် TSMC ရဲ့ 4nm Chip တွေကိုလည်း မှာယူမှုပြုလုပ်ခဲ့သေးတယ်ဆိုပြီး သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အခုအတိုင်းဆိုရင်တော့ 4nm အစား 3nm Chip တွေကိုပဲ တခါတည်းပြောင်းလဲအသုံးပြုလာမယ်လို့ ယူဆရပါတယ်။

လောလောဆယ် မကြာခင်အချိန်အတွင်းမှာတော့ Apple ကနေ 5nm+ Architecture ကို အသုံးပြုထားတဲ့ M1X Chip ကို MacBook Pro အသစ်တွေနဲ့ A15 Bionic Chip ကိုတော့ iPhone 13 Series မှာ အသုံးပြုသွားမှာပဲဖြစ်ပါတယ်။

Ref – Gizmo China