Apple ရဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ iPhone SE စမတ်ဖုန်းဟာ iPhone 5S ကိုယ်ထည်မှာ iPhone 6S ရဲ့ Processor ၊ Camera တွေထည့်သွင်းထားတာဖြစ်ပါတယ်။ အဆိုပါ iPhone SE ဟာ Apple iPhone အသုံးပြုသူတွေကြားမှာ အောင်မြင်မှုရရှိခဲ့သလိုပဲ အခုလည်း Apple ကနေ စျေးနှုန်းမပြောင်းလဲဘဲ iPhone SE အသစ်ကို တရားဝင် မိတ်ဆက်လိုက်ပါပြီ။

iPhone SE အသစ်ဟာ Design ပိုင်းအနေနဲ့တော့ iPhone 8 အတိုင်းပဲဖြစ်နေမှာဖြစ်ပြီး Display အနေနဲ့လည်း 4.7″ Retina Display ပါဝင်မှာပါ။ iPhone 8 လိုမျိုးပဲ Glass Back Design ၊ IP67 Water Resistant Rating တွေပါဝင်မှာဖြစ်ပြီး 2nd Generation TouchID Home Button လည်းပါဝင်မှာဖြစ်ပါတယ်။

Camera အနေနဲ့တော့ Single 12MP Camera ပဲပါဝင်တယ်ဆိုပေမယ့် Sensor ကို iPhone 11 ဖုန်းတွေရဲ့ Primary Sensor အတိုင်းထည့်သွင်းထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် Portrait Mode ၊ 4K Video ၊ Stage Lighting လိုမျိုး Feature တွေအကုန်လုံးပါဝင်လာမှာဖြစ်ပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ လက်ရှိ Flagship ဖုန်းတွေထဲမှာတောင် အကောင်းဆုံးလို့ပြောနိုင်တဲ့ iPhone 11 Series တွေရဲ့ A13 Bionic Chip ကိုထည့်သွင်းပေးထားပါတယ်။ အဲ့ဒီအတွက် စွမ်းဆောင်ရည်ပိုင်းမှာတော့ ဒီစျေးဝန်းကျင်မှာ အကောင်းဆုံးဖုန်းဖြစ်လာတယ်ဆိုတာကို ငြင်းလို့မရပါဘူး။

Apple iPhone SE စမတ်ဖုန်းဟာ Black ၊ White နဲ့ (PRODUCT) RED ဆိုပြီး အရောင် ၃ မျိုးထွက်ရှိလာမှာဖြစ်ပြီး 64GB ကို $399 (မြန်မာငွေ ၅ သိန်း ၆ သောင်းကျော်) ၊ 128GB ကို $449 (မြန်မာငွေ ၆ သိန်း ၄ သောင်းကျော်) နဲ့ 256GB ကိုတော့ $549 (မြန်မာငွေ ၇ သိန်း ၈ သောင်းဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။ Pre-order အနေနဲ့ လာမယ့် ဧပြီလ ၁၇ ရက်နေ့ကစတင်ပြီးတော့ မှာယူနိုင်မှာဖြစ်ပြီး ရောင်းချမယ့်ရက်အသေးစိတ်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

Ref – Engadget