Apple ရဲ့ နှစ်စဥ်ကျင်းပနေကျဖြစ်တဲ့ WWDC (Worldwide Developers Conference) ဟာ ယခုနှစ်မှာလည်း ဇွန်လ ၂၃ ရက်နေ့မှာ ကျင်းပသွားတော့မှာဖြစ်ပါတယ်။ အဆိုပါ WWDC မှာ iOS 14 အကြောင်းကို အသေးစိတ်သိရှိရမယ့်အပြင် အခုလည်း နောက်ထပ်စိတ်ဝင်စားဖွယ်သတင်းတစ်ခုက ထွက်ပေါ်လာပြန်ပါပြီ။

ဒါကတော့ Apple ဟာ လက်ရှိ MacBook နဲ့ Mac တွေမှာ အသုံးပြုနေတဲ့ Intel Processor တွေကနေ ကိုယ်ပိုင်ဖြစ်လာနိုင်တဲ့ ARM-based CPU တွေကို ပြောင်းလဲအသုံးပြုသွားမယ့် အစီအစဥ်ကိုတရားဝင်ကြေညာသွားမှာပဲဖြစ်ပါတယ်။ Apple အနေနဲ့ အခုလိုမျိုး ကိုယ်ပိုင် ARM-based CPU တွေကို ထုတ်လုပ်နေတယ်ဆိုတာက သတင်းတွေပေါက်ကြားခဲ့တာအချိန်အတော်ကြာနေပြီဆိုပေမယ့် အခုအချိန်မှာတော့ တရားဝင်ဖြစ်လာတော့မှာပါ။

ဒါပေမယ့်လည်း Apple ကနေ အဆိုပါ ARM-based CPU အသုံးပြုလာမယ့် MacBook အမျိုးအစားအသစ်ကို WWDC မှာ တရားဝင်မိတ်ဆက်သွားမလားဆိုတာကတော့ သေချာမသိရှိရသေးပါဘူး။ ဖြစ်နိုင်တာကတော့ CPU Processor ကိုပဲ မိတ်ဆက်သွားနိုင်ပြီးတော့ နောက်ပိုင်းမှာ အဆိုပါ ARM-based CPU ပါဝင်လာမယ့် MacBook အသစ်ကို မိတ်ဆက်လာနိုင်ပါတယ်။

လက်ရှိသိထားရသလောက်ကတော့ အဆိုပါ ARM-based CPU ဟာ 5nm Architecture ကို အခြေခံထားမှာဖြစ်ပြီး 12-core Design နဲ့ ထွက်ရှိလာမှာဖြစ်ပါတယ်။ လောလောဆယ်အနေနဲ့တော့ Apple ဟာ 12″ MacBook Design ကိုပဲ ပုံစံအနည်းငယ်ပြောင်းလဲပြီး မိတ်ဆက်လာမယ်လို့ ခန့်မှန်းနေကြသလို နောက်ပိုင်းမှာ Mac ကွန်ပျူတာတွေအတွက် ARM-based Desktop CPU ကိုပါ ထုတ်လုပ်သွားဖို့ ရှိနေတယ်လို့ သိရပါတယ်။

Apple ဟာ iPhone တွေ iPad တွေမှာတေ့ာ တခြားသော Chipset ထုတ်လုပ်သူတွေထက် စွမ်းဆောင်ရည်သိသိသာသာကောင်းမွန်တဲ့ A Series Chip တွေကို ထုတ်လုပ်နိုင်တဲ့အတွက် MacBook အတွက် ARM-based Chip တွေကရော ဘယ်လောက်အထိ စွမ်းဆောင်နိုင်မလဲဆိုတာ ဆက်ပြီးစောင့်ကြည့်ရမှာပါ။

Ref – GSM Arena