Apple ကနေ လာမယ့်အောက်တိုဘာလဝန်းကျင်မှာ iPhone 12 Series ကို မိတ်ဆက်သွားတော့မှာဖြစ်ပါတယ်။ ပုံမှန်အားဖြင့် Apple ကနေ ဒီလိုမျိုး iPhone အသစ်တွေကို မိတ်ဆက်လိုက်ပြီဆိုရင် ယခင် iPhone အဟောင်းတွေရဲ့ စျေးနှုန်းကို လျော့ချနေကျဖြစ်ပါတယ်။

ဒါပေမယ့်လည်း ယခုနှစ်အတွင်းမှာ Apple ကနေ iPhone 12 ကို မိတ်ဆက်ပြီးတဲ့အချိန်မှာ iPhone XR နဲ့ iPhone 11 Pro ၊ 11 Pro Max ဖုန်းတွေ ရောင်းချမှုကို လုံးဝရပ်ဆိုင်းလိုက်မယ်လို့ သတင်းတွေထွက်ပေါ်လာပါတယ်။ အဆိုပါသတင်းကိုတော့ Leaker တစ်ဦးဖြစ်တဲ့ “@iAppleTimes” ကနေ ဖော်ပြခဲ့တာဖြစ်ပြီး တကယ်ဖြစ်လာမလားဆိုတာကိုတော့ အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

ဖြစ်နိုင်တာကတော့ Apple iPhone XR ဟာ လက်ရှိအချိန်မှာ iPhone SE 2020 ပြီးရင် စျေးအသက်သာဆုံး iPhone ဖြစ်နေတဲ့အတွက် iPhone SE 2020 ကို ပိုရောင်းချရဖို့အတွက် အခုလိုမျိုး ရပ်ဆိုင်းလိုက်တာဖြစ်မယ်လို့ ယူဆရပါတယ်။ iPhone 12 Pro နဲ့ 12 Pro Max ဖုန်းတွေဟာ လက်ရှိ iPhone 11 Pro နဲ့ 11 Pro Max ဖုန်းစျေးအတိုင်းပဲ ရောင်းချမှာဖြစ်တဲ့အပြင် 120Hz Display ၊ 5G Support တွေကြောင့် အခုလို iPhone 11 Pro ဖုန်းတွေကို စျေးလျော့မယ့်အစား ရောင်းချမှုရပ်ဆိုင်းသွားဖို့ ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ယခုနှစ်မှာ မိတ်ဆက်လာမယ့် iPhone 12 Series ဖုန်းတွေဟာ Apple အတွက်ကတော့ သိသိသာသာကို Upgrade ပြုလုပ်လာမှာဖြစ်သလို စျေးနှုန်းအနေနဲ့လည်း $649 ကနေ စတင်မှာဖြစ်တဲ့အတွက် စျေးလည်း တချိူ့ Android Flagship ဖုန်းတွေထက် ပိုသက်သာဖို့ များနေပါတယ်။

Ref – Gizmo China