Apple ဟာ မကြာသေးမီက သူတို့ရဲ့ True-wireless နားကြပ်သစ် AirPods Pro ကို ဈေးကွက်ထဲ ပို့ဆောင်ခဲ့ပြီး မျှော်လင့်ချက်ကြီးကြီးထားခံရတဲ့ Noise Cancellation Feature ပါဝင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ခြေလှမ်းဟာ ဒီလောက်နဲ့ မရပ်တန့်သေးဘဲ AirPods Pro ရဲ့ နောက်ထပ်ဗားရှင်းတစ်မျိုးကို ဆက်လက်မိတ်ဆက်လာဦးမယ့်ပုံပါပဲ။

ထိုင်ဝမ်အခြေစိုက်မီဒီယာတစ်ခုက ဒီသတင်းကို စတင်ယူဆောင်လာခဲ့ပြီး Apple ဟာ AirPods Pro ရဲ့ ဈေးပိုချိုတဲ့ ဗားရှင်းကို မကြာခင်ယူဆောင်လာဖို့ရှိကြောင်းဖော်ပြလာခဲ့တာပါ။ ထိုင်ဝမ်အခြေစိုက် USI နည်းပညာစက်ရုံလုပ်ငန်းကနေ AirPods Pro အသစ်အတွက် System-in-package (SiP) အမှာစာတွေ ရရှိထားကြောင်း သတင်းကို ရေးသားထားပါတယ်။

ဒီ AirPods Pro မော်ဒယ်အသစ်ဆိုတာဟာ အခုတလော သတင်းထွက်နေတဲ့ AirPods Pro Lite အမည်နဲ့ ဗားရှင်းကို ဆိုလိုတာဖြစ်မယ်လို့ ယူဆရပါတယ်။ AirPods Pro Lite ဟာ လက်ရှိဈေးကွက်ထဲက ဗားရှင်းထက် ဈေးပိုသက်သာမယ့် ထုတ်ကုန်ဖြစ်လာမှာပါ။

ဒါပေမယ့် လက်ရှိအချိန်ထိတော့ AirPods Pro Lite မှာ ပါဝင်မယ့် Specs နဲ့ Feature တွေကို လုံးဝမသိရသေးပါဘူး။ သတင်းတွေအရတော့ ၂၀၂၀ Q2 ကာလမှာ ထုတ်လုပ်မှုစတင်နိုင်တယ်လို့ ဆိုထားပေမယ့် တရုတ်နိုင်ငံမှ ဗိုင်းရပ်စ်ကပ်ဘေးကြောင့် အနည်းငယ်နောက်ကျနိုင်ပါတယ်။

ဖုန်းတွေမှာလို Pro နဲ့ Lite ဆိုပြီး ဈေးနှုန်းကွဲတဲ့ မော်ဒယ်နှစ်မျိုးထွက်လာရင်တောင် နာမည်ကို AirPods Pro Lite လို့ပေးဖို့လည်း မသေချာသေးပါဘူး။ လောလောဆယ်တော့ ဈေးပိုချိုသာတဲ့မော်ဒယ်ဖြစ်နိုင်ခြေများတာကြောင့် အခုလို သတ်မှတ်ခေါ်ဝေါ်နေတာပါ။

Ref – Gizmo China