Apple iPhone တွေဟာပြီးခဲ့တဲ့ iPhone X ကတည်းက Face ID ပါဝင်ခဲ့တာဖြစ်ပြီး အခုဆိုရင် iPhone လို့ ဆိုလိုက်တာနဲ့ မပါမဖြစ် Feature တစ်ခုဖြစ်လာပါပြီ။ နောက်ဆုံးသိရတဲ့သတင်းတွေအရလည်း Apple ကနေ iPhone 12 နဲ့ iPhone 13 ဖုန်းတွေမှာ Face Mask တပ်ထားလည်း Face ID ကို အသုံးပြုပြီး Unlock ပြုလုပ်နိုင်အောင် ဆောင်ရွက်ပေးလိုက်ပြီဖြစ်ပါတယ်။

အခုလည်း Bloomberg Media မှ Mark Gurman ရဲ့ ပြောကြားချက်အရ နောက်ပိုင်းမှာ Apple ဟာ Face ID ကို iMac မှာပါ ထည့်သွင်းလာနိုင်တယ်လို့ သိရပါတယ်။ သူ့ရဲ့ ပြောကြားချက်အရတော့ Apple ဟာ ပြီးခဲ့တဲ့နှစ်တုန်းက မိတ်ဆက်ခဲ့တဲ့ M1 iMac 24″ မှာ Face ID ကို ထည့်သွင်းဖို့ စတင်စဥ်းစားခဲ့တာဖြစ်ပြီး အကြောင်းကြောင်းကြောင့် မထည့်သွင်းဖြစ်တာဖြစ်တယ်လို့ သိရပါတယ်။

ဒါတင်မဟုတ်သေးဘဲ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းကလည်း macOS Big Sur Beta 3 မှာ “PearlCamera” နာမည်နဲ့ Code တစ်ခုထွက်ပေါ်ခဲ့ပြီး အဆိုပါ နာမည်ဟာ iPhone X တုန်းက Face ID အတွက် ပေးထားတဲ့ Codename ဖြစ်ပါတယ်။ ဒါကြောင့် Apple ဟာ macOS Big Sur မှာလည်း Face ID ကို ထောက်ပံ့ပေးနိုင်အောင် ဆောင်ရွက်ထားပြီးဖြစ်တယ်လို့ ယူဆရပါတယ်။

Apple ဟာ MacBook တွေမှာတော့ Touch ID ကိုပဲ ထည့်သွင်းထားပြီး နောက်ဆုံးထွက်ရှိထားတဲ့ MacBook Pro 14″ နဲ့ 16″ တွေမှာလည်း Notch ပါဝင်တဲ့ Webcam ပါဝင်ပေမယ့် Face ID ကိုတော့ ထည့်သွင်းထားခြင်းမရှိသေးပါဘူး။ Apple ရဲ့ဖြေရှင်းချက်အရတော့ Face ID ထက် Touch ID ဟာ Keyboard မှာပဲ ရှိနေတာကြောင့် အသုံးပြုဖို့ ပိုမြန်ဆန်တာကြောင့်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ယခုနှစ်အတွင်းမှာ Apple ကနေ 27″ iMac သို့မဟုတ် iMac Pro ကို မိတ်ဆက်ဖို့ရှိနေတာကြောင့် Face ID ပါဝင်လာနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref – 9to5Mac