Apple နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ Worldwide Developers Conference ဟာ ဒီနှစ်မှာ ကိုရိုနာဗိုင်းရက်စ်ကြောင့် အသွင်ဆန်းသစ်ကာ ကျင်းပမှာ ဖြစ်ပါတယ်။ Apple က ကိုရိုနာဗိုင်းရက်စ်ကြောင့် အွန်လိုင်းကနေပဲ ကျင်းပမယ်လို့ မတ်လက ကြေညာခဲ့ပါတယ်။ ပွဲတက်ချင်သူတွေအတွက်တော့ ဝမ်းနည်းစရာ ဖြစ်ပေမယ့် ဒီနှစ်ပွဲရဲ့ ကောင်းတဲ့ အချက် ၁ ခုက Developers အားလုံး အခမဲ့ ပါဝင်နိုင်မှာ ဖြစ်ပါတယ်။

အခုတော့ ကုမ္ပဏီက ဇွန်လ ၂၂ ရက်ကနေ ၂၆ ရက်အတွင်း ကျင်းပမယ်လို့ ကြေညာလိုက်ပါတယ်။ ၂၂ ရက်နေ့မှာ Apple က Special Event Keynote ကို ပြောကြားမှာ ဖြစ်ပြီး ဒီနှစ်နှောင်းပိုင်းမှာ ထွက်မယ့် ပလက်ဖောင်းအားလုံးရဲ့ Update အသေးစိတ်ကို ကြေညာမှာပါ။ iOS, iPadOS, macOS, tvOS နဲ့ watchOS Version အသစ်တွေအကြောင်းကို သိရမှာပါ။ ပွဲမှာ ဟာ့ဒ်ဝဲ အသစ်တွေကိုလည်း ချပြမှာ ဖြစ်ပြီး iMac အသစ်ကို ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။ ဒါ့အပြင် Apple က Arm အခြေပြု Chips ကို ပြောင်းသုံးမယ့် သတင်းကို ပြောကြားနိုင်ပါတယ်။

ပွဲကို Apple Park ကနေ တိုက်ရိုက် ပြသမှာ ဖြစ်ပြီး Apple.com , Apple TV App , Apple Developer App, Apple Developer Website နဲ့ YouTube တို့ကနေ ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Apple က ဒီလ ၁၈ ရက်နေ့မှာ Developer Forums ဒီဇိုင်းအသစ်ကို ချပြဖို့လည်း စီစဉ်နေပါတယ်။

Ref : mashable