Apple ရဲ့ iPhone တွေကို Foxconn ကနေ အဓိကထုတ်လုပ်ပေးနေတာကိုတော့ လူတိုင်းသိပြီးဖြစ်မှာပါ။ မကြာခင်မိတ်ဆက်လာတော့မယ့် iPhone 13 Series ကိုလည်း Foxconn ကနေပဲ ထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။

Foxconn ဟာ လက်ရှိအချိန်မှာ တရုတ်နိုင်ငံရဲ့ အကြီးမားဆုံးစမတ်ဖုန်းထုတ်လုပ်တဲ့ စက်ရုံဖြစ်နေသလို အခုလည်း iPhone 13 Series မမိတ်ဆက်ခင်မှာ ကြေညာချက်တစ်ခုကို ထုတ်ပြန်လိုက်ပါတယ်။ ဒါကတော့ လက်ရှိအလုပ်လုပ်နေတဲ့ အလုပ်သမားတွေအပြင် နောက်ထပ် အလုပ်သမား ၂ သိန်းကို အလုပ်ခေါ်နေတာပဲဖြစ်ပါတယ်။

အခုလိုမျိုး အလုပ်သမား ၂ သိန်းကို ခေါ်နေတာက လာမယ့် စက်တင်ဘာလကုန်မတိုင်ခင် အပြီးခေါ်နေတာဖြစ်ပြီး SCMP ရဲ့ ပြောကြားချက်အရတော့ Apple iPhone 13 Series ကို ထုတ်လုပ်ဖို့အတွက် အဓိကရည်ရွယ်ပြီး အလုပ်ခေါ်နေတာဖြစ်တယ်လို့ သိရပါတယ်။ အခုလိုမျိုး အလုပ်ခေါ်ဆိုမှုကိုလည်း တရုတ်အစိုးရကိုယ်တိုင်က အားပေးပြီး Support ပြုလုပ်ထားတာဖြစ်ပါတယ်။

Apple ဟာ ယခုနှစ်မကုန်ခင်မှာတင် iPhone 13 Series ဖုန်းတွေကို အလုံးရေ သန်း ၁၃၀ ကနေ သန်း ၁၅၀ ကြားအထိ ရောင်းချနိုင်ဖို့ ခန့်မှန်းထားတာဖြစ်ပါတယ်။ လောလောဆယ် ထုတ်လုပ်နိုင်မှုနှုန်းအရ iPhone အလုံးရေ သန်း ၉၀ ကနေ သန်း ၁၀၀ ကြားပဲ ထုတ်လုပ်နိုင်မှာဖြစ်တာကြောင့် အခုလိုမျိုး အလုပ်သမားတွေ အများအပြားကို အမြန်ခေါ်နေတာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အခုအတိုင်းဆိုရင် Apple iPhone 13 Series ဟာလည်း အောင်မြင်ဖို့ကတော့ သေချာသလောက်ဖြစ်နေပါပြီ။

Ref – Gizmo China