Apple ဟာ တကမ္ဘာလုံးမှာ iPhone ရောင်းချနေပေမယ့်လည်း EarPods ကို ထည့်သွင်းပေးခြင်းမရှိတော့တာ အချိန်နှစ်နဲ့ချီပြီး ကြာနေပြီဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြင်သစ်တစ်နိုင်ငံမှာတော့ အခုလိုမျိုး EarPods ကို ဖြုတ်နိုင်ခြင်းမရှိခဲ့ဘဲ iPhone ရောင်းချတိုင်း EarPods ကိုပါ ထည့်သွင်းရောင်းချခဲ့ရပါတယ်။

ဒါက ဘာကြောင့်လဲဆိုရင် ပြင်သစ်နိုင်ငံမှာ ပြဌာန်းထားတဲ့ Radio Frequency စွမ်းအင်နှင့်ပတ်သက်တဲ့ ဥပဒေအရ လိုအပ်ချက်တစ်ခုကြောင့် iPhone တွေမှာ EarPods ကိုပါ ထည့်သွင်းရောင်းချခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ အဆိုပါ ဥပဒေဟာ ပြောင်းလဲလိုက်ပြီဖြစ်တာကြောင့် Apple အနေနဲ့ EarPods တွေကို ထည့်သွင်းရောင်းချစရာမလိုအပ်တော့ပါဘူး။

အဆိုပါသတင်းကိုတော့ MacRumors ကနေဖော်ပြခဲ့တာဖြစ်ပြီး ယခု ဇန်နဝါရီလ ၂၄ ရက်နေ့၊ ၂၀၂၂ ခုနှစ်မှ စတင်ပြီးတော့ Apple ဟာ ပြင်သစ်နိုင်ငံမှာလည်း EarPods တွေကို ထည့်သွင်းရောင်းချစရာ မလိုအပ်တော့တာပဲဖြစ်ပါတယ်။ ဒီလိုမျိုး ပြောင်းလဲသွားခဲ့တာဟာ Apple ကနေ ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းက IPhone 12 Series ဖုန်းတွေနဲ့အတူ EarPods ၊ Charging Adapter တွေထည့်သွင်းထားခြင်းကို ဖယ်ရှားလိုက်ပြီး Packaging Size ကိုပါ သေးငယ်တဲ့ပုံစံနဲ့ သဘာဝပတ်ဝန်းကျင်ကို အလေးထားခဲ့တာကြောင့်လို့ သိရပါတယ်။

ပြင်သစ်နိုင်ငံရဲ့ ယခု ဥပဒေပြောင်းလဲမှုဟာ Apple ကုမ္ပဏီတစ်ခုတည်းအတွက်မဟုတ်တာကြောင့် တခြားသော စမတ်ဖုန်းကုမ္ပဏီတွေအနေနဲ့ လည်း ယခုအချိန်ကစတင်ပြီးတော့ Earphones တွေကို စမတ်ဖုန်းတွေနဲ့အတူ ထည့်သွင်းရောင်းချစရာမလိုအပ်တော့ဘူးဖြစ်ပါတယ်။ ဒီလိုမျိုး ပြောင်းလဲလိုက်တာကြောင့် နောက်ပိုင်းမှာ မလိုအပ်ဘဲ Digital Device တွေဖောင်းပွမှုကို လျော့ချပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းနိုင်ဖို့ကို ရည်ရွယ်သွားတာဖြစ်ပါတယ်။

Ref – Gizmo China