Apple ဟာ ၁၃ လက်မ ဒါမှမဟုတ် ၁၄ လက်မ MacBook Pro အသစ်ကို ကြေညာဖို့ရှိပြီး ၁၆ လက်မ မော်ဒယ်မှာ စတင် မိတ်ဆက်ခဲ့တဲ့ ကီးဘုတ် အသစ်ပါလာမယ်လို့ ပြီးခဲ့တဲ့ နိုဝင်ဘာလက သတင်းထွက်ခဲ့ပါတယ်။ အခုတော့ Apple အရေး လေ့လာဆန်းစစ်သူ Ming-Chi Kuo က ကီးဘုတ် အသစ်က MacBook Pro နဲ့ MacBook Air မော်ဒယ်အသစ်တွေမှာ ပါလာမှာ ဖြစ်ပြီး ၂၀၂၀ ကွာတား ၂ ဖြစ်တဲ့ ဧပြီလနဲ့ ဇွန်လအတွင်း ထွက်လာမယ်လို့ ပြောပါတယ်။

လက်ရှိ မော်ဒယ်တွေမှာတော့ ၂၀၁၅ ထုတ် MacBook မှာ မိတ်ဆက်ခဲ့တဲ့ ကီးဘုတ်ကို သုံးထားတာဖြစ်ပြီး အဲဒီ ကီးဘုတ်တွေမှာ အပြစ်အနာအဆာတွေ ရှိတဲ့အတွက် ပြီးခဲ့တဲ့ ဧပြီလမှာ ကီးဘုတ် ပြင်ပေးတဲ့ အစီအစဉ်ကို Apple က ပြုလုပ်ပေးခဲ့ပါတယ်။

Apple က အရွယ်သေး MacBook Pro မှာ မျက်နှာပြင်အရွယ်အစားကို တိုးမြှင့်ပေးပြီး ဘေးဘောင်တွေကို လျှော့ချထားမယ်လို့ ထင်ရပါတယ်။ ၁၃ လက်မ ကနေ ၁၄ လက်မ အထိ တိုးမြှင့်ပေးနိုင်ပါတယ်။ Apple ဟာ ၁၅ လက်မ ကနေ ၁၆ လက်မ MacBook Pro ကို ထုတ်လုပ်ပေးခဲ့တဲ့အတိုင်း ဖြစ်ပါတယ်။ ဒါဟာ Apple ရဲ့ လုပ်ရိုးလုပ်စဉ်တော့ မဟုတ်ပါဘူး။ Apple ဟာ ဘက်ထရီ ကြီးကြီးတွေ ထည့်သွင်းနိုင်ဖို့အတွက် လက်ပ်တော့ ကြီးကြီးတွေ ထုတ်လေ့ရှိပါတယ်။ ၁၃ လက်မ မော်ဒယ်အတွက်လည်း ဒီလိုလုပ်ပေးမယ်လို့ ထင်ပါတယ်။

Kuo က ကိုရိုနာဗိုင်းရက်စ်ကြောင့် MacBooks အသစ်တွေ ထုတ်လုပ်တာ ထိခိုက်မှာ မဟုတ်ဘူးလို့ ထင်ထားပုံပါ။ သူက မတ်လနှောင်းပိုင်းမှာ Apple ရဲ့ Suppliers တွေက လုပ်ငန်းခွင်ကောင်းကောင်း လည်ပတ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။ Apple  MacBook Pro အသစ်တွေ ကြေညာမယ့်အချိန်ကို မသိရသေးပါဘူး။

Ref : tnw