Apple ရဲ့ ပြီးခဲ့တဲ့နှစ်က ထုတ်လုပ်ခဲ့တဲ့ iPhone X စမတ်ဖုန်းဟာ စမတ်ဖုန်းဈေးကွက်ထဲမှာ ပထမဆုံးအနေနဲ့ ဒေါ်လာ ၁၀၀၀ နဲ့ ရောင်းချခဲ့တဲ့ စမတ်ဖုန်းဖြစ်ခဲ့ပြီး အဲ့ဒီအချိန်က စတင်ပြီး Flagship စမတ်ဖုန်းတွေရဲ့ ဈေးနှုန်းတွေက တဖြည်းဖြည်းမြင့်တက်လာပါတယ်။ အခုဆိုရင် Samsung ကနေ နောက်ဆုံးထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတစ်ခုဖြစ်တဲ့ Samsung Galaxy Note 9 စမတ်ဖုန်းဟာ ဆိုရင်လည်း ဒေါ်လာ ၁၀၀၀ ကနေ စတင်ရောင်းချနေတာဖြစ်ပါတယ်။

အခုလည်း Apple ဟာ iPhone အသစ်တွေကို လာမယ့် စက်တင်ဘာလမှာ မိတ်ဆက်သွားဖို့ရှိနေပြီးတော့ လက်ရှိ သိရတဲ့သတင်းတွေအရတော့ မနှစ်ကထွက်ရှိခဲ့တဲ့ iPhone X ထက်တောင် အခု မျိုးဆက်သစ် iPhone တွေက ဈေးပိုပြီး များပြားလာတော့မယ်လို့ သိရပါတယ်။ အဲ့ဒီအတွက်လည်း Apple ကနေ ဈေးသက်သာတဲ့ ဒေါ်လာ ၇၀၀ တန် LCD iPhone တစ်ခုကိုပါ ထုတ်လုပ်သွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။

ဒါပေမယ့် Apple က အခုလိုမျိုး စမတ်ဖုန်းဈေးတွေထိုးတက်သွားတာကို လိုလားပုံမရပါဘူး။ အခုနောက်ဆုံးသိရတဲ့သတင်းတွေအရတော့ Apple ဟာ သူ့ရဲ့ iPhone တွေ ဈေးပိုသက်သာဖို့အတွက် နည်းလမ်းအသစ်တခုကို စဉ်းစားနေတယ်လို့ သိရပါတယ်။ အဲ့ဒါကတော့ iPhone တွေမှာ ပါဝင်တဲ့အစိတ်အပိုင်းတွေကို လက်ရှိ ထိုင်ဝမ်ကုမ္ပဏီတွေကနေ မဟုတ်တော့ဘဲ ပိုပြီး ဈေးသက်သာတဲ့ တရုတ်ကုမ္ပဏီတွေကနေ ပြောင်းလဲမှာယူတော့မှာဖြစ်တယ်လို့ သိရပါတယ်။

နည်းပညာသတင်းမီဒီယာတစ်ခုဖြစ်တဲ့ DigiTimes ရဲ့ အဆိုအရ လက်ရှိ Taiwan Based Battery Module Maker တစ်ယောက်ဖြစ်တဲ့ Simplo Technology ကလည်း Apple ကို ကုန်ကြမ်းတွေထောက်ပံ့နေမှုကို ရပ်ဆိုင်းလိုက်ပြီးတော့ Electric Bikes ကုမ္ပဏီတစ်ခုကို ပြောင်းလဲထောက်ပံ့သွားတယ်လို့ သိရပါတယ်။ အဲ့ဒါတင်မကသေးပဲ လက်ရှိ iPhone အတွက် ပစ္စည်းတွေထောက်ပံ့ပေးနေတဲ့ ထိုင်ဝမ်ကုမ္ပဏီတွေနေရာမှာလည်း တရုတ်ကုမ္ပဏီတွေ အစားထိုးလာဖို့ ရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီဖြစ်ပါတယ်။

Apple အနေနဲ့ အခုလိုမျိုး ဈေးပိုသက်သာတဲ့ တရုတ်စက်ပစ္စည်းတွေကို မှာယူဖို့စဉ်းစားနေတာက iPhone တွေရဲ့ ဈေးကို လျော့ချနိုင်ပေမယ့်လည်း အရည်အသွေးပိုင်းမှာ ယခင်ကနှုန်းကို ထိန်းနိုင်ပါ့မလားဆိုတာကလည်း စဉ်းစားရတော့မယ့်အချက်တစ်ခုဖြစ်လာပါတယ်။