Apple နဲ့ Qualcomm ရဲ့ တရားရင်ဆိုင်မှုပြဿနာဟာ နည်းပညာလောကရော၊ စမတ်ဖုန်းသုံးစွဲသူတွေကြားမှာ အတော်လေးကို စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။ ကုမ္ပဏီကြီးနှစ်ခုဟာ ပြီးခဲ့တဲ့နှစ်ကပဲ သူတို့ကြားက တရားရေးကိစ္စတွေကို အဆုံးသတ်ခဲ့ကြပြီး သဘောတူညီမှုအသစ်နဲ့ ဆက်ဆံရေးအသစ်ကို ပြန်လည်စတင်ခဲ့ကြပါတယ်။

ဒီနှစ်မှာတော့ Apple ရဲ့ 5G iPhone သစ်တွေဟာ Qualcomm modem တွေကိုအသုံးပြုထားပြီး သုံးစွဲသူတွေလက်ထဲ ရောက်လာပြီလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ကထွက်ပေါ်ခဲ့တဲ့ Teardown အရ iPhone 12 စီးရီးဟာ X55 modem ကို အသုံးပြုထားတာတွေ့နိုင်ပါတယ်။ ဒီ Modem ဟာ Android ဖုန်းတွေမှာ Snapdragon 865 chipset နဲ့ တွဲလျက် သုံးနေကျလည်း ဖြစ်ပါတယ်။

အခုတော့ Apple ရဲ့ iPhone တွေမှာလည်း တွေ့မြင်လာရပြီ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ တရားရင်ဆိုင်မှုရပ်တန့်လိုက်ကြခြင်းနောက်က လုပ်ငန်းသဘောတူညီချက်တွေအနက် တစ်ခုစတင်လာပြီလို့ ဆိုရမှာပါ။ Apple ဟာ Qualcomm ရဲ့ X55 ကို ၂၀၂၀ အတွက် အသုံးပြုမှာဖြစ်ပြီး X60 modem ကိုတော့ ၂၀၂၁ အတွက် အသုံးပြုမှာ ဖြစ်ပါတယ်။

iPhone 12 တွေဟာ 5G အသုံးပြုချိန်မှာ ဘက်ထရီပိုပြီး အကုန်မြန်တဲ့ပြဿနာရှိပါတယ်။ ဒါကြောင့် Apple ဟာ လာမယ့် မျိုးဆက်သစ် 5G iPhone တွေမှာ ပါဝါသုံးစွဲမှုလျော့ကျသွားစေမယ့် 5nm process chip ကို အသုံးပြုဖို့ လိုအပ်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်တွေမှာထွက်လာမယ့် X65 နဲ့ X70 modem တွေကိုလည်း Apple device တွေမှာ မြင်တွေ့လာရဦးမှာ ဖြစ်ပါတယ်။

Apple အနေနဲ့ Qualcomm အပေါ်မှာ မှီခိုနေတာကို ရပ်တန့်ဖို့ Intel ရဲ့ Modem business ကို ဝယ်ယူခဲ့ပေမယ့် လတ်တလောအခြေအနေမှာတော့ ပြဿနာကို ဖြေရှင်းနိုင်ခြင်းမရှိသေးတာပဲ ဖြစ်ပါတယ်။

Ref: GSM Arena