Apple ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တုန်းက ကိုယ်ပိုင် Apple Silicon Processor ဖြစ်တဲ့ M1 Chip ကို အသုံးပြုထားတဲ့ MacBook Air ၊ MacBook Pro 13 နဲ့ Mac Mini တွေကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ M1 Chip က Apple ရဲ့ ပြောကြားချက်အရတော့ စွမ်းဆောင်ရည်ပိုင်းမှာ ယခင် Intel Processor အသုံးပြုထားတဲ့ MacBook တွေထက် သိသိသာသာကို ပိုကောင်းမွန်လာတာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းတုန်းကလည်း M1 Chip အသုံးပြုထားတဲ့ MacBook Air ရဲ့ Geekbench ရမှတ်တွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ အဆိုပါ ရမှတ်အရ M1 Chip ဟာ မနှစ်တုန်းက 9th Gen Intel i9 Processor ကို အသုံးပြုထားတဲ့ MacBook Pro 16 ထက်တောင် စွမ်းဆောင်ရည်ပိုကောင်းနေတာလည်းဖြစ်ပါတယ်။

အခုလည်း CPU ပိုင်းမဟုတ်ဘဲ GPU ပိုင်းနဲ့သက်ဆိုင်တဲ့ Benchmark ရလဒ်တစ်ခုထွက်ပေါ်လာခဲ့ပါပြီ။ ဒါကတော့ GTXBench 5.0 ပဲဖြစ်ပြီး Apple ရဲ့ Metal API ကို အသုံးပြုပြီး တိုင်းတာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ GTXBench 5.0 မှာ Apple M1 Chip ဟာ Gaming Graphic Card တစ်ခုဖြစ်တဲ့ Nvidia GeForce GTX 1050Ti ရော၊ AMD Radeon RX560 ထက်ပါ စွမ်းဆောင်ရည်ပိုကောင်းမွန်နေပါတယ်။ ဒီ GeForce GTX 1050Ti Graphic Card က ထွက်ရှိထားတာကြာပြီဆိုပေမယ့် ပုံမှန် Gaming အတွက် အဆင်ပြေသေးသလို စွမ်းဆောင်ရည်မှာလည်း ညံ့တယ်လို့ ပြောလို့မရသေးတဲ့ Graphic Card တစ်ခုဖြစ်ပါတယ်။ နောက်ပြီး Apple M1 Chip ဟာ သီးသန့် Graphic Card မဟုတ်တဲ့ System-on-Chip (SoC) Unit တစ်ခုဖြစ်နေတဲ့အတွက် ယခုရလဒ်က အထင်ကြီးဖို့လည်းကောင်းနေပါတယ်။

ဒါပေမယ့် ယခု Benchmark ရလဒ်ဟာ MacBook Air မှာ စမ်းသပ်ခဲ့တာလား၊ MacBook Pro မှာ စမ်းသပ်ထားတာလားကိုတော့ သိရှိရခြင်းမရှိသေးပါဘူး။ တကယ်လို့ MacBook Air မှာ စမ်းသပ်ခဲ့တာဆိုရင် Cooling Capacity ပိုကောင်းတဲ့ MacBook Pro က စွမ်းဆောင်ရည်ပိုင်းမှာ ပိုကောင်းမွန်ဖွယ်ရှိပါတယ်။

Ref – 9to5Mac