ASUS ဟာ ပုံမှန် PC နဲ့ Laptop စျေးကွက်အပြင် စမတ်ဖုန်းတွေကိုလည်း ထုတ်လုပ်နေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက ASUS ROG Phone 3 လို့ ယူဆရတဲ့ဖုန်းထွက်ရှိလာသလို အခုလည်း ASUS စမတ်ဖုန်းအသစ်တွေကို မိတ်ဆက်သွားမယ့်အချိန်က ပေါက်ကြားလာခဲ့ပြန်ပါတယ်။

ယခုသတင်းကိုတော့ Taiwanese Publication တစ်ခုဖြစ်တဲ့ Commercial Times ကနေ ဖော်ပြခဲ့တာဖြစ်ပြီး ASUS ROG Phone 3 အပြင် ASUS ZenFone 7 ကိုပါ မိတ်ဆက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စမတ်ဖုန်း ၂ လုံးစလုံးက ASUS ရဲ့ Flagship ဖုန်းတွေဖြစ်သလို Qualcomm Snapdragon 865 Chipset ကို အသုံးပြုလာမှာလည်းဖြစ်ပါတယ်။

ASUS ဟာ ယခုနှစ်အတွင်းမှာ Gaming Phone ရောင်းအားကို နောက်ထပ် ၃၀ ကနေ ၅၀ ရာခိုင်နှုန်းအထိတိုးတက်လာဖို့ကို မျှော်လင့်နေတယ်လို့လည်း သိရပါတယ်။ ZenFone 7 အနေနဲ့ကတော့ လက်ရှိအချိန်မှာ ဘယ်လိုမျိုး ပုံစံဖြစ်လာမလဲဆိုတာကို မသိရှိရသေးဘဲဖြစ်နိုင်တာကတော့ Stock Android နဲ့ ဆင်တူတဲ့ ZenUI ကိုပဲ အသုံးပြုလာဖို့များနေပါတယ်။ ဒါပေမယ့် မနှစ်တုန်းက ZenFone 6 လိုမျိုး Flip Camera ကို အသုံးပြုလာဦးမလားကတော့ မသေချာသေးပါဘူး။

ဘာပဲဖြစ်ဖြစ် ASUS ROG Phone တွေဟာ Gaming Phone စျေးကွက်ထဲမှာ အောင်မြင်မှုရရှိထားတဲ့ဖုန်းတွေဖြစ်တဲ့အတွက် ယခုနှစ်မှာရော ROG Phone 3 က အောင်မြင်မှုရရှိနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – XDA Developers