Pinkfong ရဲ့ နာမည်ကျော် ‘Baby Shark’ ဟာ Animated TV Series နဲ့ ကလေး စာအုပ်တွေကို ထုတ်လုပ်ရောင်းချထားပါတယ်။ အခုတော့ Pinkfong ဟာ MakersPlace ဒစ်ဂျစ်တယ် အနုပညာ ပလက်ဖောင်းကနေ NFTs နယ်ပယ်ထဲကို ဝင်ရောက်လာပါပြီ။

Pinkfong ရဲ့ မိခင် ကုမ္ပဏီ SmartStudy နဲ့ Pinkfong ရဲ့ ဂီတ ပါတနာ ဖြစ်တဲ့ Sony Music Entertainment/Relentless Records တို့ ပူးပေါင်း ဖန်တီးထားတဲ့ ပထမဆုံး Baby Shark NFTs Collection ကို ကြာသာပတေးနေ့မှာ ရောင်းချမှာ ဖြစ်ပါတယ်။

အဲဒီ Collection မှာ NFTs ၆ ခု ပါဝင်ပြီး MakersPlace မှာ တင်ထားပါတယ်။ NFTs တွေမှာ Baby Shark အရုပ်တွေ ပါဝင်ပြီး Baby Shark သီချင်း ထည့်သွင်းထားပါတယ်။ Baby Shark No.1 NFTs ဟာ ၁ မိနစ်ကြာတဲ့ ဒစ်ဂျစ်တယ် NFTs ဖြစ်ပြီး Baby Shark ရဲ့ ခရီးလမ်းကို ရေအောက် ကမ္ဘာထဲမှာ သရုပ်ဖော်ထားပါတယ်။

၂၀၁၆ ခုနှစ် ဇွန်လမှာ Baby Shark ကို YouTube မှာ လွှင့်တင်ပြီးနောက် ကော်ပီပေါင်း ၁၁ သန်းကျော် ရောင်းချနိုင်ခဲ့ပါတယ်။ အဲဒီ သီချင်းဟာ Billboard ရဲ့ Hot 100 စာရင်းမှာ နံပါတ် ၃၂ ချိတ်ခဲ့ပါတယ်။ လူကြည့်အများဆုံး YouTube ဗီဒီယိုတွေထဲက ၁ ခု ဖြစ်ပြီး လက်ရှိအချိန်အထိ ကြည့်ရှုတဲ့ အရေအတွက် ၉.၇ ဘီလီယမ် ရှိပါတယ်။

MakersPlace ပူးတွဲတည်ထောင်သူနဲ့ စီအီးအို ဖြစ်သူ Dannie Chu က “ ပြီးခဲ့တဲ့ နှစ်တွေအတွင်း သီချင်း အခြေပြု NFTs တွေ လူကြိုက်အရမ်းများလာပါတယ်။ ကျွန်တော်တို့ဟာ Blockchain မှာ အရုပ်-အသံ အနုပညာလက်ရာတွေကို  ဖန်တီးဖို့အတွက် NFTs နယ်ပယ်ထဲကို ဝင်ရောက်မှာ ဖြစ်ပါတယ်။ Pinkfong နဲ့ ပူးပေါင်းပြီး Baby Shark ကို ဒစ်ဂျစ်တယ် အနုပညာ နယ်ပယ်ထဲ ပို့ဆောင်မှာပါ။ “ လို့ ပြောပါတယ်။

Ref : billboard