Black Shark ဆိုတာနဲ့ ဂိမ်းမင်းဖုန်းဆိုတာ တွဲပြီးသိကြပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းကတည်းက Black Shark 3 ကို ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာ ကြေညာဖွယ်ရှိတယ်လို့ ရေးသားဖော်ပြနေခဲ့ကြတာ ဖြစ်ပါတယ်။ အခုထွက်ပေါ်လာတဲ့ အချက်အလက်သစ်အချို့ကတော့ ပြီးခဲ့တဲ့လက သိခဲ့ကြတာနဲ့ ကွဲလွဲနေတာကို တွေ့မြင်ရပါတယ်။

ကုမ္ပဏီအနေနဲ့ သူတို့ရဲ့ စမတ်ဖုန်းတွေမှာ ဘက်ထရီပမာဏနဲ့ အားသွင်းစွမ်းရည်အကြား မျှတမှုရှိဖို့ ကြိုးစားနေကြတယ်လို့ Black Shark ရဲ့ အမှုဆောင်အရာရှိချုပ် Luo Shao ပြောဆိုခဲ့ပါတယ်။ တစ်နည်းအားဖြင့် Black Shark ဟာ ခေတ်နဲ့လျော်ညီတဲ့ ဘက်ထရီပမာဏ၊ အားသွင်းမြန်နှုန်းတွေအပေါ် အာရုံစိုက်ထားတယ်လို့ ယူဆနိုင်ပါတယ်။

Black Shark 3 ဟာ 5G ကွန်ရက်ချိတ်ဆက်မှုကို ထောက်ပံ့ပေးထားတာကြောင့် ဘက်ထရီသက်တမ်းနဲ့ပတ်သက်ပြီး အလေးထားရမယ့် အနေအထားဖြစ်ပါတယ်။ ဒါကြောင့် ကုမ္ပဏီဟာ ဘက်ထရီပမာဏကို တိုးမြှင့်ဖို့ စီစဉ်ရသလို၊ ပုံမှန်ထက် ပိုပြီးမြန်ဆန်တဲ့အားသွင်းနှုန်း ဖြစ်လာဖို့လည်း ကြိုးစားရတာ ဖြစ်ပါတယ်။ တစ်ပြိုက်နက်တည်းမှာပဲ စမတ်ဖုန်းရဲ့ အပူထုတ်လွှတ်မှုကို လျှော့ချဖြိုခွဲနိုင်ဖို့ ဒီဇိုင်းဆွဲထားတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ကုမ္ပဏီရဲ့ Senior executive ဟာ Black Shark 3 အတွက် ဘက်ထရီပမာဏနဲ့ အားသွင်းနှုန်းတွေကို မဲပေးရွေးချယ်ပေးကြဖို့ မတူညီတဲ့တွဲစပ်မှုလေးမျိုး(ပုံတွင်ဖော်ပြထား)ကို ပြသခဲ့ပါတယ်။ ဒါပေမယ့် Black Shark ရဲ့ Chief architect ကတော့ 65W+5,000mAh ကိုပဲ မဲပေးကြဖို့ တိုက်တွန်းသွားပါတယ်။

ပုံမှန်အားဖြင့် ကုမ္ပဏီဟာ အခုလိုမျိုး ရွေးချယ်မှုပြုလုပ်ပေးဖို့ ကမ်းလှမ်းလေ့မရှိတာကြောင့် ဒီ Post ဟာ ကြော်ငြာချင်ရုံသက်သက်ပဲလို့ ယူဆရပါတယ်။ ဒါကြောင့် Black Shark 3 မှာ 65W+5,000mAh ကိုပဲ ထောက်ပံ့လာမယ်လို့ မျှော်လင့်ရပါတယ်။

အခြားပေါက်ကြားသတင်းတွေအရ ဒီဂိမ်းမင်းဖုန်းဟာ SA နဲ့ NSA Dual-Mode 5G ကိုလည်း ထောက်ပံ့ပေးဦးမယ်လို့ သိရပါတယ်။ မျက်နှာပြင်နဲ့ပတ်သက်လို့တော့ 2K resolution နဲ့ 120Hz Refresh Rate ထောက်ပံ့လာမယ်လို့လည်း သတင်းထွက်ထားပါတယ်။

ကျန်တဲ့အချက်အလက်တွေကတော့ Qualcomm Snapdragon 865 SoC နဲ့ X55 5G modem တွဲဖက်ထားမှာဖြစ်ပြီး၊ မန်မိုရီအတွက် UFS 3.0 နဲ့ LPDDR5 flash chip ကို အသုံးပြုမယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် NFC နဲ့ Wi-Fi 6 လည်း ပါဝင်လာဖွယ်ရှိပါတယ်။

Ref: Gizmochina