တရုတ်ရဲ့ ဧရာမ Display ထုတ်လုပ်မှုကုမ္ပဏီဖြစ်တဲ့ BOE ဟာ ၂၀၂၀ အတွက် ပထမနှစ်ဝက် ကွန်ဖရင့်မှာ ဒီနှစ်အတွင်း Flexible OLED panel ပေါင်း သန်း ၄၀ အထိ တင်ပို့နိုင်အောင်လို့ ကျန်တဲ့ ဒုတိယနှစ်ဝက်မှာ ဆက်လက်လုပ်ဆောင်ဖို့ စီစဉ်ထားကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

BOE ရဲ့ ထုတ်ပြန်ကြေညာချက်အရ တရုတ်အခြေစိုက်ကုမ္ပဏီဟာ ပထမနှစ်ဝက်မှာ 6th Gen Flexible OLED panel ပေါင်း ၁၆ သန်းဝန်းကျင် တင်ပို့ရောင်းချခဲ့ကြောင်း သိရပါတယ်။ ဒါကြောင့် ဒီနှစ်အတွင်း သန်း ၄၀ ပြည့်ဖို့ဆိုရင် နောက်ထပ် ယူနစ်ပေါင်း ၂၄ သန်းကျော် တင်ပို့ရောင်းချဖို့လိုအပ်နေတာ ဖြစ်ပါတယ်။

အကယ်၍သာ ရည်မှန်းချက်အတိုင်း သန်း ၄၀ အထိရောင်းချရမယ်ဆိုရင်တော့ ပြီးခဲ့တဲ့နှစ်ကထက် ၁၃၅% ပိုပြီးတင်ပို့နိုင်တယ်လို့ ဆိုရမှာပါ။ ပြီးခဲ့တဲ့နှစ်က BOE တင်ပို့ရောင်းချခဲ့တဲ့ Flexible OLED panel အရေအတွက်ဟာ ယူနစ်ပေါင်း ၁၇ သန်းခန့်ရှိတယ်လို့ သိရပါတယ်။ BOE အနေနဲ့ ယူနစ်ပေါင်း သန်း ၄၀ တင်ပို့ရောင်းချနိုင်မယ်ဆိုရင်တောင် ဒါဟာ Samsung Display နှစ်စဉ်တင်ပို့မှုရဲ့ လေးပုံတစ်ပုံ ပမာဏပဲ ရှိနေသေးတာ ဖြစ်ပါတယ်။

BOE အနေနဲ့ OLED ထုတ်လုပ်မှုပိုင်းကို တိုးချဲ့ဖို့လည်း စီစဉ်နေတာဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်မှာ စတင်သက်ဝင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ BOE ရဲ့လက်ရှိထုတ်လုပ်မှုစွမ်းအားဟာ လစဉ် ယူနစ်ပေါင်း ၁၄၄၀၀၀ အထိ ဖြစ်ပါတယ်။ Stone Partners ရဲ့ ဖော်ပြမှုအရ Samsung Display ဟာ ဒုတိယသုံးလပတ်ရဲ့ Flexible OLED panel ဈေးကွက် ၆၃.၂% ကိုရရှိဖို့အတွက် ယူနစ်ပေါင်း ၂၉.၃ သန်း တင်ပို့ခဲ့ရပါတယ်။ ဒီနောက်မှာတော့ BOE က ၁၁.၃ သန်းတင်ပို့ခဲ့ပြီး ဈေးကွက်ဝေစုရဲ့ ၂၄.၄% ကို ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

Ref: Gizmochina