ပြီးခဲ့တဲ့ ရက်သတ္တပတ်တုန်းက Arizona ပြည်နယ်မှာ Uber ရဲ့ မောင်းသူမဲ့ကားတစ်စီးကြောင့် အများပြည်သူသုံးလမ်းမပေါ်မှာ အမျိုးသမီးတစ်ဦးကို တိုက်မိပြီး အသက်သေဆုံးစေခဲ့တဲ့ဖြစ်ရပ်ကို မှတ်မိကြဦးမှာပါ။ အဲ့ဒီတုန်းကလည်း မောင်းသူမဲ့ကားတွေအပေါ်ရိုက်ခတ်မှုက ကြီးမားခဲ့ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်မှာ ပြဌာန်းချက်တစ်ခုကို ထုတ်ပြန်လိုက်ပြီး အဆိုပါ ထုတ်ပြန်ချက်အရ မောင်းသူမဲ့ကားတွေပေါ်မှာ ပြည်သူတွေက လိုက်ပါစီးနင်းခွင့်ရရှိသွားပြီပဲဖြစ်ပါတယ်။

အခုလိုမျိုး လိုက်ပါ စီးနင်းသူတွေကို ခွင့်ပြုလိုက်တာက အရေးပေါ်ယာဉ်မောင်းပါဝင်မှုမရှိရင်တောင်မှ အကြုံးဝင်ပြီးတော့ အများပြည်သူသုံးလမ်းတွေပေါ်မှာပါ ခွင့်ပြုလိုက်တာဖြစ်တဲ့အတွက် ကန့်ကွက်သူအချို့လည်း ရှိနေတယ်လို့ သိရပါတယ်။

အခုလိုမျိုး မောင်းသူမဲ့ကားတွေအပေါ်မှာ ယုံကြည်မှုနည်းပါးနေပေမယ့်လည်း ကယ်လီဖိုးနီးယားအစိုးရကတော့ မောင်းသူမဲ့ကားတွေအပေါ်မှာ ယုံကြည်မှုထားချင်တယ်လို့ပဲ ပြောကြားခဲ့ပါတယ်။