၂၀၂၀ ဟာ ဖုန်း ကုမ္ပဏီတွေ ရုန်းကန်ရမယ့် နှစ် ၁ နှစ်ဖြစ်လာမှာပါ။  CCS Insight ရဲ့ စစ်တမ်း အသစ်အရ ၂၀၁၉ ကထက် ၂၀၂၀ မှာ ဖုန်း ရောင်းချမှုဟာ သန်း ၂၅၀ လောက်နည်းမယ်လို့ သိရပါတယ်။ ဒီနှစ်မှာ စမတ်ဖုန်း စုစုပေါင်း ၁.၂၆ ဘီလီယမ်ပဲရောင်းချရမယ်လို့ ခန့်မှန်းထားပြီး ဆယ်စုနှစ်အတွင်းမှာ အနည်းဆုံး ဖြစ်လာမှာပါ။ Feature ဖုန်းတွေက သန်း ၃၀၀ လောက် ရောင်းချနိုင်မယ်လို့ တွက်ချက်ထားပါတယ်။

ဗိုင်းရက်စ်ကြောင့် ကွာတား ၂ ဖြစ်တဲ့ ဧပြီလနဲ့ ဇွန်လအတွင်းမှာ ရောင်းအား အနည်းဆုံး ဖြစ်နိုင်ပြီး နှစ်ကုန်အထိလည်း ရောင်းအား ကျနေမယ့်အတွက် ခရစ်စမတ် ကာလ ရောင်းအားကိုလည်း ထိခိုက်သွားမှာပါ။ လူအများစုက အိမ်မှာပဲ နေကြပြီး  ဆိုင်တွေ ပိတ်ထားတယ်ဆိုပေမယ့် ဝယ်လိုအားကတော့ ရှိနေဦးမှာပါ။ ဒါပေမယ့် ကုမ္ပဏီတွေဟာ  ကုန်ကြမ်း ပြတ်လပ်တာရှိမယ့်အတွက် တချို့ ထုတ်ကုန်တွေဟာ ဝယ်လိုအားကို ပြည့်မှီမှာ မဟုတ်ပါဘူး။

စားသုံးသူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ငွေကြေး ကြပ်တည်းမှုတွေနဲ့ ရင်ဆိုင်နေရတဲ့အတွက် ဒီနှစ်မှာ ဖုန်း အသစ်တွေ ဝယ်တာ နည်းသွားမှာပါ။ အားလပ်ရက် ရာသီမှာ ၂၀၁၉ ထက် ဖုန်း ရောင်းအား ၃ ရာခိုင်နှုန်းလောက် ကျသွားမှာပါ။

အဆိုးထဲက အကောင်းပြောရရင် နောက်နှစ်မှာ ရောင်းအားက ၁၂ ရာခိုင်နှုန်း တိုးတက်လာမယ်လို့ CCS က ခန့်မှန်းထားပါတယ်။  ၂၀၂၂ အထိ ရောင်းအား လန်းနေမှာ ဖြစ်ပြီး အဲဒီနှစ်မှာ အလုံးရေ ၂ ဘီလီယမ်လောက် ရောင်းချရနိုင်ပါတယ်။ ကုမ္ပဏီတွေဟာ 5G ဖုန်းတွေရဲ့ ဈေးကို လျှော့ချလာနိုင်ပါတယ်။

Ref : gsmarena