Counterpoint ရဲ့ နောက်ဆုံးထွက်ရှိလာတဲ့ အစီရင်ခံစာအရ တရုတ်နိုင်ငံရဲ့ ပြီးခဲ့တဲ့နှစ် စတုတ္ထသုံးလပတ်တင်ပို့ရောင်းချမှုဟာ ၂၀၂၀ ပြည့်နှစ် ကာလတူ တင်ပို့ရောင်းချမှုနဲ့နှိုင်းယှဉ်မယ်ဆိုရင် ၁၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်းသိရပါတယ်။

တစ်ဖက်မှာတော့ Honor အမှတ်တံဆိပ်ဟာ Huawei လက်အောက်ကနေ ခွဲထွက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဒုတိယနေရာမှာ ရပ်တည်နိုင်ခဲ့တာကို တွေ့ရပါတယ်။ Honor ရဲ့ ဈေးကွက်ဝေစုဟာ ၂၀၂၀ ပြည့်နှစ် စတုတ္ထသုံးလပတ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ၂၀၂၁ စတုတ္ထသုံးလပတ်မှာ ၇.၅ ရာခိုင်နှုန်းကနေ နှစ်ဆကျော်ဖြစ်တဲ့ ၁၆.၇ ရာခိုင်နှုန်းအထိ တက်သွားတာ ဖြစ်ပါတယ်။

Apple ကတော့ သုံးလပတ်အတွက် အမြင့်ဆုံးဈေးကွက်ဝေစုကို ရယူထားဆဲဖြစ်ပြီး စုစုပေါင်းဈေးကွက်ဝေစုရဲ့ ၂၁.၇ ရာခိုင်နှုန်းကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။ OPPO ကတော့ ၁၆.၇ ရာခိုင်နှုန်းနဲ့ တတိယနေရာမှာရှိနေပြီး Vivo ကတော့ ၁၆.၅ ရာခိုင်နှုန်းနဲ့ စတုတ္ထနေရာမှာ ရှိပါတယ်။ ပဉ္စမနေရာကိုတော့ Xiaomi က ၁၆.၁ ရာခိုင်နှုန်းနဲ့ ရယူထားတာကို တွေ့ရပါတယ်။

ဈေးကွက်ဝေစု ကြီးထွားမှုအမြန်ဆုံးအဖြစ် Honor က မှတ်တမ်းဝင်ခဲ့ပြီး Xioami ကတော့ ၁၅ မှတ်နဲ့ ကြီးထွားလာတာပါ။ Apple က ထိပ်ဆုံးမှာရှိတယ်ဆိုပေမဲ့ ကြီးထွားမှုက ၁၃ မှတ်ပဲ ရှိခဲ့ပါတယ်။ Apple ကတော့ iPhone 13 ရောင်းအားကြောင့်ဖြစ်ပြီး သူ့ရဲ့ဖြန့်ချိတဲ့ဈေးနှုန်းက ပရီမီယံကဏ္ဍမှာ သက်သာတဲ့ဈေးနှုန်းထဲဝင်သွားတယ်လို့ Counterpoint က ဆိုပါတယ်။

Honor Magic3 ကလည်း သူ့ရဲ့အဆင့်မြင့်တဲ့ Specs နဲ့ ဆွဲဆောင်မှုရှိတဲ့ အပြင်ပန်းဒီဇိုင်းကြောင့် ပရီမီယံပိုင်းမှာ ရောင်းအားကို ဦးဆောင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ Honor ဟာ သူ့ရဲ့ ပထမဆုံး Foldable Magic V ကို မိတ်ဆက်ခဲ့ပါသေးတယ်။ ၂၀၂၂ မှာတော့ OPPO, Vivo နဲ့ Honor တို့ဟာ ပရီမီယံကဏ္ဍနဲ့ Foldable ကဏ္ဍတွေမှာ ဆက်လက်ပြီး တိုးချဲ့လာမယ်လို့ ယူဆရပါတယ်။

Ref: GSM Arena