ဝူဟန်မြို့ကစတင်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံရဲ့ ကျန်းမာရေးကိုခြိမ်းခြောက်နေရုံတင်မကဘဲ စီးပွားရေးကိုလည်း ထိခိုက်စေတာအမှန်ပါပဲ။ ကနဦးတုန်းကတော့ ဒီကူးစက်ရောဂါပြန့်ပွားနေမှုကြောင့် ထုတ်လုပ်မှုလုပ်ငန်းတွေ မနှောင့်နှေးရအောင်ကြိုးစားဆောင်ရွက်မယ်လို့ ဆိုခဲ့ပေမယ့် လက်တွေ့မှာတော့ နှောင့်နှေးမှုတွေ စတင်လာပြီ ဖြစ်ပါတယ်။

Counterpoint ကတော့ ဒီနှစ်ရဲ့ ပထမသုံးလပတ်မှာ တရုတ်နိုင်ငံရဲ့ စမတ်ဖုန်းတင်ပို့မှု ၃၀ ရာခိုင်နှုန်းကျဆင်းမယ်လို့ ခန့်မှန်းဖော်ပြလိုက်ပါတယ်။ Digitimes ကလည်း ဒီကာလအတွင်းမှာ တင်ပို့ရောင်းချမှုတွေ သိသိသာသာကျဆင်းမယ်လို့ ခန့်မှန်းဖော်ပြခဲ့ပြန်ပါတယ်။

အကယ်၍ ဒီကူးစက်ရောဂါကို ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာ ထိန်းချုပ်နိုင်ပြီး အကောင်းဆုံးအခြေအနေရမယ်ဆိုရင်တောင်မှ ဈေးကွက်ဟာ ၉ရာခိုင်နှုန်းလောက် ကျသွားဖွယ်ရှိတယ်လို့ ထိုင်ဝမ်စာနယ်ဇင်းတွေက ခန့်မှန်းထုတ်ပြန်ကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကြောင့် တရုတ်နိုင်ငံတွင်း ဝယ်လိုအားဟာ သိသိသာသာ လျော့ကျနေတဲ့အပြင် ရောဂါထိန်းချုပ်ဖို့ ပြုလုပ်တဲ့အစိုးရရဲ့ ဆောင်ရွက်ချက်တွေကလည်း စမတ်ဖုန်းနဲ့ Notebook အစိတ်အပိုင်း ထောက်ပံ့မှုလုပ်ငန်းကို အကျိုးသက်ရောက်စေနိုင်တယ်လို့ Digitimes က သုံးသပ်ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့်လည်း Huawei, OPPO, Vivo နဲ့ Xiaomi တို့လို ထုတ်လုပ်မှုလုပ်ငန်းကြီးတွေကတော့ စမတ်ဖုန်းဈေးကွက်ရဲ့ ထိပ်ပိုင်းမှာပဲ ဆက်ပြီးရပ်တည်နေဦးမယ်လို့ အစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။ ဒီကုမ္ပဏီတွေဟာ တရုတ်နှစ်သစ်ကူးကာလမှာ စမတ်ဖုန်းစတော့ရှယ်ယာအမြောက်အများကို ရောင်းချဖို့စီစဉ်ခဲ့ပေမယ့်လည်း မအောင်မြင်ဘဲ ဖြစ်ခဲ့ရပါတယ်။

တရုတ်စမတ်ဖုန်းဈေးကွက်မှာ အရေးပါတဲ့နေရာကနေ ကစားနေတဲ့ MediaTek လည်း ဒီနှစ်ရဲ့ ပထမသုံးလပတ်အတွင်း ပုံမှန်ဝင်ငွေရဲ့ ၁၅ ရာခိုင်နှုန်းနီးပါး ကျဆင်းသွားဖွယ်ရှိတယ်လို့ Digitimes က ခန့်မှန်းထားပါသေးတယ်။ အကယ်၍ ဖေဖော်ဝါရီလကုန်ပိုင်းမှာ ရောဂါကူးစက်မှုကို အပြည့်အဝထိန်းချုပ်နိုင်မယ်ဆိုရင်တောင် အကျိုးဆက်က ၂၀၂၀ ပြည့်နှစ်ရဲ့ ဒုတိယနဲ့ တတိယသုံးလပတ်အထိ သက်ရောက်မှုရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။

Ref: Gizmochina