အွန်လိုင်း သီချင်း စီးပွားရေးဟာ အရင်နှစ်က ၃၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ပြီး Spotify နဲ့ Apple Music တို့က ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ Counterpoint ရဲ့ သုတေသန စစ်တမ်းအရ Apple Music ကို အခကြေးငွေ ပေးပြီး နားထောင်သူ ၃၆ ရာခိုင်နှုန်း တိုးတက်လာပြီး ဈေးကွက်ဝေစု ၁၉ ရာခိုင်နှုန်းရထားပါတယ်။

Spotify ကို သုံးသူဟာလည်း ၂၃ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ၂၀၁၉ မှာ ဈေးကွက်ဝေစု ၃၅ ရာခိုင်နှုန်း ရထားခဲ့ပါတယ်။ အွန်လိုင်း သီချင်း ဈေးကွက်မှာ ဝင်ငွေ စုစုပေါင်းရဲ့ ၃၁ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပါတယ်။ နံပါတ် ၃ နေရာကို Amazon က သိမ်းပိုက်ထားပြီး ဈေးကွက်ဝေစု ၁၅ ရာခိုင်နှုန်း ရထားပါတယ်။ အဲဒီနောက်မှာ YouTube Music က ၆ ရာခိုင်နှုန်းနဲ့ နံပါတ် ၄ နေရာကို ရထားပါတယ်။

ဈေးကွက် လေ့လာဆန်းစစ်သူတွေက Apple ဟာ ဝန်ဆောင်မှုကို အမြဲတိုးတက်အောင် ပြုလုပ်နေတဲ့အတွက် အခုလို အောင်မြင်လာတာလို့ ယုံကြည်ထားကြပြီး Spotify ရဲ့ ဖောက်သည်တွေကိုတောင် ဆက်လက် လုယူဦးမယ်လို့ ပြောပါတယ်။ Spotify ဟာ သီချင်းတွေကို အာရုံစိုက် ပံ့ပိုးထားပြီး ပရိုမိုးရှင်းတွေ ပြုလုပ်ပေးတဲ့အတွက် ဒီလို အောင်မြင်လာတာပါ။

Counterpoint က ကိုရိုနာဗိုင်းရက်စ်ကြောင့် အွန်လိုင်း သီချင်း ဈေးကွက်ဟာ ၂၀၂၀ မှာလည်း ဆက်လက် တိုးတက်နေဦးမှာ ဖြစ်ပြီး သုံးစွဲသူ ၂၅ ရာခိုင်နှုန်းကျော် ပိုများလာမယ်လို့ ယုံကြည်ထားပါတယ်။ ကမ္ဘာအဝန်းမှာ အခကြေးငွေပေးပြီး သီချင်းနားထောင်သူဟာ သန်း ၄၅၀ ကျော်သွားမယ်လို့ ခန့်မှန်းထားပါတယ်။

Ref : gsmarena