ဆိုနီပလေးစတေရှင်ဝမ်းခေတ်က မြေခွေးလမ်းလျှောက်လို့ လူသိများခဲ့ကြတဲ့ Crash Bandicoot ဟာ ပြီးခဲ့တဲ့ နှစ်ပိုင်းမှာ ကွန်ဆိုးနဲ့ အခြားသက်ဆိုင်ရာပလက်ဖောင်းတွေပေါ်ကို တကြော့ပြန်ပေါ်လာပြီး အောင်မြင်ခဲ့ပြန်ပါတယ်။ အခုတော့ သူလည်း အခြားဂိမ်းတွေနည်းတူ မိုဘိုင်းပလက်ဖောင်းပေါ်ကို ခြေဆန့်ဖို့ အသင့်ဖြစ်နေပါပြီ။

ဗီဒီယိုဂိမ်းထုတ်လုပ်သူကုမ္ပဏီ King ဟာ Crash Bandicoot: On the Run အတွက် တရားဝင် Trailer ကို ထုတ်လာခဲ့ပြီး မိုဘိုင်းပေါ်မှာ ခေတ်မကုန်သွားမယ့် Endless Runner အသွင်နဲ့ တွေ့ရပါတယ်။ အစတည်းက သူ့ရဲ့ Gameplay ဟာ မိုဘိုင်း Control နဲ့ဆိုလည်း လိုက်ဖက်နိုင်မယ့် အနေအထားပါ။

Crash Bandicoot မိုဘိုင်းဂိမ်းကို မူရင်းဂိမ်းရဲ့ အရသာမပျက်ရအောင် ပြန်လည်အသက်သွင်းထားတာ တွေ့ရပြီး ဧပြီလကတည်းက မလေးရှား အပါအဝင် ဒေသအချို့မှာ Soft Launch ပြုလုပ်ခဲ့ပြီးသားပါ။ ဒီထဲမှာ Classic ဂိမ်းထဲက မိစ္ဆာ Boss တွေကိုလည်း ပြန်မြင်ရပါတယ်။

မိုဘိုင်း Runner ဆိုတဲ့အတိုင်း အခြားကစားသမားတွေနဲ့ ယှဉ်ပြိုင်နိုင်မယ့် Feature တစ်ခုခု ပါဝင်မှာဖြစ်သလို Skin စတဲ့ In-game Purchase တွေလည်း တွေ့ရမှာပါ။ တရားဝင်ထွက်လာမယ့်ရက်ကို မသိရသေးပေမယ့် Pre-register လုပ်ထားရင် Crash အတွက် အထူးသီးသန့် Skin တစ်ခုကို ရရှိမှာဖြစ်ပါတယ်။

Ref – OneEsports