Crypto ငွေကြေးခဝါချမှုဟာ ပြီးခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ အခြားအချိန်ကာလတွေထက် ပိုပြီးထူထပ်များပြားခဲ့သလို၊ ကြီးမားတဲ့ စုဆောင်းသူအနည်းငယ်ကလည်း “ထိတ်လန့်စရာ” ငွေကြေးပမာဏဆီ ရွေ့လျားနေခဲ့ကြပါတယ်။

နှစ်ပေါင်များစွာကြာအောင် Cryptocurrency စီးပွားရေးဟာ မှောင်ခိုဈေးကွက်ရောင်းချမှု၊ ခိုးမှု၊ Ransomware, ငွေကြေးခဝါချမှု စတဲ့ မကောင်းမှုတွေနဲ့ ပြည့်နှက်နေပေမဲ့လည်း အဆိုပါစီးပွားရေးစနစ်မှာ လက်တွေ့အားဖြင့် ငွေပေးငွေယူတိုင်းကို Blockchain ရဲ့ အမြဲတမ်း မပြောင်းလဲနိုင်တဲ့ စာရင်းဇယားတစ်ခုအဖြစ် ရေးမှတ်ထားပါတယ်။

Blockchain ခြေရာခံခြင်းနဲ့ တရားမဝင်ဈေးကွက်ကို ဖြိုခွဲခြင်းတွေက တိုးတက်လာပေမဲ့ ရာဇဝတ်မှုပမာဏကို လျှော့ချနိုင်ခြင်း မရှိသေးသလို၊ ခဝါချခြင်းဆိုင်ရာပမာဏကိုလည်း အနည်းငယ်ပဲ ဖြတ်တောက်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ရက်ပိုင်းက ထုတ်ဝေခဲ့တဲ့ Cryptocurrency ဆိုင်ရာ နှစ်စဉ်ရာဇဝတ်မှုအစီရင်ခံစာရဲ့ အစိတ်အပိုင်းတစ်ခုမှာ Cryptocurrency ခြေရာခံကုမ္ပဏီ Chainalysis က ပြီးခဲ့တဲ့နှစ်အတွင်း Crypto ရာဇဝတ်မှုဆိုင်ရာ ငွေသားထုတ်ဝန်ဆောင်မှုတွေနဲ့ပတ်သက်တဲ့ စုစည်းမှုအသစ်ကို ထောက်ပြထားပါတယ်။

Chainalysis ရဲ့ အဆိုအရ ၂၀၂၂ ခုနှစ်မှာ ငွေသားထုတ်ဝန်ဆောင်မှုတွေအတွက် ခြေရာခံထားတဲ့ စုစုပေါင်းတရားမဝင်ငွေတွေအနက်က ၆.၃ ဘီလီယံဒေါ်လာရဲ့ ထက်ဝက်ကျော်ကို Cryptocurrency Address ၅၄၂ ခုသာ ရရှိတာကို တွေ့မြင်ရပြီး လိပ်စာလေးခုကနေ အဆိုပါရန်ပုံငွေတွေရဲ့ ဒေါ်လာ ၁.၁ ဘီလီယံကို ရရှိခဲ့တယ်လို့ သိရပါတယ်။

၂၀၂၂ ခုနှစ်မှာ Crypto ရာဇဝတ်မှုပမာဏ မြင့်တက်လာသည်ဖြစ်စေ၊ ကျဆင်းလာသည်ဖြစ်စေ ရှင်းရှင်းလင်းလင်း မသိနိုင်သေးပါဘူး။ ဒါပေမဲ့ တိုင်းတာမှုတချို့ကတော့ Cryptocurrency လဲလှယ်နှုန်းတွေ သိသိသာသာကျဆင်းနေပေမဲ့ ပြီးခဲ့တဲ့နှစ်မှာ ရာဇဝတ်မှုဆိုင်ရာ Cryptocurrency အသုံးပြုမှု တိုးလာတယ်လို့ ပြသခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း US Treasury’s Foreign Asset Control (OFAC) က Crypto မြေအောက်က အဓိကကစားသမားတွေအပေါ် ပိတ်ဆို့အရေးယူမှုတွေ တိုးလာပါတယ်။

ဥပမာအားဖြင့် ပြီးခဲ့တဲ့နှစ် ဧပြီလမှာ ရုရှားအခြေစိုက် Exchange ဖြစ်တဲ့ Garantex ဟာ Ransomware ပေးချေမှုတွေအပါအဝင် ရာဇဝတ်မှုဆိုင်ရာရငွေတွေမှာ ဒေါ်လာ သန်း ၁၀၀ ကျော် ခဝါချခဲ့တယ်လို့ OFAC က ဆိုခဲ့ပြီး ပိတ်ဆို့အရေးယူမှုလည်း ပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် အခြားရုရှား Exchange နှစ်ခုဖြစ်တဲ့ Chatex နဲ့ Suex တို့ကိုလည်း ပိတ်ဆို့ အရေးယူခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း အခြားလဲလှယ်မှု Exchange တစ်ခုဖြစ်တဲ့ Bitzlato ကို ဒဏ်ခတ်ပိတ်ဆို့ခဲ့ပြီး ရုရှားလူမျိုးတည်ထောင်သူ Anatoly Legkodymov ကိုလည်း စွဲချက်တင်ခဲ့တယ်လို့ သိရပါတယ်။

Chainalysis ကတော့ ငွေကြေးခဝါချမှုအများစုကို ဖွင့်လှစ်ထားတယ်ဆိုတဲ့ Exchange ငါးခုရဲ့ အမည်တွေကို ဖော်ထုတ်ပြောဆိုဖို့ ငြင်းဆိုခဲ့ပါတယ်။ အကြောင်းရင်းက အဆိုပါ Exchange တွေဟာ ဆက်လက်စုံစမ်းစစ်ဆေးမှုတွေရဲ့ ပစ်မှတ်တွေ ဖြစ်နိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။

Ref: Wired