ColorOS က OPPO စမတ်ဖုန်းတွေရဲ့ Android Skin ဖြစ်ပါတယ်။ အခုအချိန်မှာ သတ္တမမြောက်မျိုးဆက်ကို ရောက်ရှိနေပြီး ColorOS 7 လို့လည်း လူသိများပါတယ်။ နောက်ဆုံးဗားရှင်းကတော့ ColorOS 7.2 ပါ။ လက်ရှိအချိန်မှာတော့ Reno 4 စီးရီးအတွက် သီးသန့်ပဲ ဖြစ်နေပါသေးတယ်။ မကြာခင်တုန်းက အိန္ဒိယဈေးကွက်မှာဖြန့်ခဲ့တဲ့ Find X2 လည်း ColorOS 7.1 ပဲ ရရှိခဲ့တာပါ။

The Indian Express က ColorOS အကြီးအကဲ Manoj Kumar နဲ့တွေ့ဆုံမေးမြန်းမှုမှာ ColorOS နဲ့ပတ်သက်တဲ့ စိတ်ဝင်စားစရာ အချက်အလက်အချို့ကို သိရှိခဲ့ရပါတယ်။ OPPO အနေနဲ့ ColorOS ကို လုပ်ဆောင်ချက်အသစ်နဲ့ စွမ်းဆောင်မှုတွေ တိုးမြှင့်ရာမှာ ColorOS Community ကတစ်ဆင့် အသုံးပြုသူတွေရဲ့ တုံ့ပြန်ချက်တွေကို နားထောင်ပြီး အလေးထားလုပ်ဆောင်ကြောင်း Mr.Kumar က ဆိုပါတယ်။

တရုတ်အခြေစိုက်ကုမ္ပဏီဟာ အိန္ဒိယမှာရှိတဲ့ သူတို့ရဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးစင်တာမှာ ဝန်ထမ်းပေါင်း ၃၀၀ ရှိပြီး ဒီထဲကမှ ၃၀ ကျော်ဟာ တရုတ်မှာရှိတဲ့ ပင်မအဖွဲ့အစည်းနဲ့ အနီးကပ်ဆက်သွယ်လုပ်ကိုင်ပြီး ဒေသတွင်းဖောက်သည်တွေရဲ့ လိုအပ်ချက်တွေအတွက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ဒါပေမယ့် Mr.Kumar ရဲ့ ရှင်းလင်းပြောဆိုချက်အရ ColorOS ဗားရှင်းအသစ်တစ်ခုကို ထုတ်လွှတ်ဖို့အတွက် အချိန်ကာလအားဖြင့် လေးလကနေ ခြောက်လအထိ ကြာမြင့်တယ်လို့ သိရပါတယ်။ ဒီလိုပြုလုပ်ရာမှာလည်း အခြားဆော့ဖ်ဝဲတွေလိုပဲ မတူညီတဲ့ အဖွဲ့တွေဟာ သူ့နေရာနဲ့သူ အတူတကွ ပါဝင်ပူးပေါင်းလုပ်ဆောင်ကြရတယ်လို့ ဆိုပါတယ်။

အရေးကြီးဆုံးအချက်အနေနဲ့ UI ရဲ့ ကြော်ငြာတွေအကြောင်းပါ။ Android နဲ့ Google မှာ ကြော်ငြာပလက်ဖောင်းတွေရှိကြပေမယ့် သူတို့ကတော့ အားမပေးဘူးလို့ Mr.Kumar ဆိုပါတယ်။ ဒါကြောင့် သူတို့ဟာ အသုံးပြုသူတွေအနေနဲ့ ကြော်ငြာတွေကို ပိတ်ဆို့ဖို့ ရွေးချယ်မှုပေးကြောင်း၊ ColorOS မှာ ကြော်ငြာတွေရှိပေမယ့် အသုံးပြုသူက စိတ်မဝင်စားရင် ပိတ်ထားနိုင်ကြောင်း ပြောပါတယ်။

ဒါ့အပြင် OPPO အနေနဲ့ Update တွေ ထုတ်လွှတ်ပေးရာမှာ နှေးကွေးတယ်ဆိုပေမယ့် Find X2 ဟာ ဒီနှစ်နှောင်းပိုင်းမှာ ပထမဦးဆုံး Android 11 ရရှိမယ့် Device တွေထဲမှာ ပါဝင်လာမယ်လို့လည်း သိရပါတယ်။

Ref: Gizmochina