Facebook ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အင်တာနက်အသုံးပြုဆက်သွယ်မှုတိုးတက်စေဖို့အတွက် အက်ပလီကေးရှင်းအသစ်တစ်ခုကို စမ်းသပ်နေပါတယ်။ Discover လို့အမည်ပေးထားတဲ့ ဒီအက်ပလီကေးရှင်းဟာ မိတ်ဖက်မိုလ်ဘိုင်းများစွာရဲ့ ထောက်ပံ့မှုနဲ့အတူ အခမဲ့ Browsing လုပ်နိုင်မယ်လို့ ဆိုပါတယ်။

Facebook ဟာ Discover app ကို ပီရူးနိုင်ငံမှာ စတင်စမ်းသပ်နေတာဖြစ်ပြီး အနာဂတ်မှာ ထိုင်း၊ ဖိလစ်ပိုင်နဲ့ အီရတ်အပါအဝင် အခြားဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ဖြန့်ချိသွားမယ်လို့ သိရပါတယ်။ Discover app သုံးစွဲသူတွေဟာ ထောက်ပံ့သူတွေဆီကတစ်ဆင့် နေ့စဉ်သုံးစွဲဖို့ ဒေတာတွေကို အခမဲ့ရရှိမှာ ဖြစ်ပါတယ်။ ဒီလိုအခမဲ့ဒေတာ ရရှိမယ့်အချိန်ကိုလည်း အသိပေးသွားမယ်လို့ ဆိုပါတယ်။

Discover ဟာ Bandwidth နိမ့်တဲ့ Browsing တွေကိုပဲ ထောက်ပံ့ပေးမှာဖြစ်တဲ့အတွက် ဝက်ဘ်ဆိုက်တွေကနေ စာသားတွေပဲ ကြည့်ရှုနိုင်မှာဖြစ်ပြီး ဗီဒီယို နဲ့အသံဖိုင်တွေ၊ တခြားဒေတာသုံးစွဲတဲ့ အသုံးပြုမှုတွေကိုတော့ ရယူသုံးစွဲနိုင်မှာမဟုတ်ပါဘူး။ အကယ်၍ Stream လုပ်ချင်တယ်ဆိုရင် ဒေတာကို သပ်သပ်ဝယ်ယူရမှာပါ။

Discover ကို အသုံးပြုဖို့အတွက် Facebook အကောင့်မလိုအပ်ဘူးလို့ သိရပါတယ်။ Facebook က Discover app သုံးသူတွေရဲ့ Browsing histories တွေဟာ သူတို့နဲ့ဆက်စပ်မှုမရှိကြောင်း၊ သိမ်းဆည်းတာ၊ Facebook ads တွေအတွက် ပစ်မှတ်ထားလုပ်ဆောင်တာမျိုး မရှိကြောင်းထပ်လောင်း ပြောဆိုခဲ့ပါတယ်။

Discover ဟာ ဆက်သွယ်မှုနိမ့်ကျတဲ့ဒေသတွေမှာ Facebook ရဲ့ အခြေခံခြေလှမ်းတွေအနက် အင်တာနက်ချိတ်ဆက်မှုကို ထောက်ပံ့ပေးဖို့ စတင်လိုက်တာ ဖြစ်ပါတယ်။ ထောက်ပံ့ပေးထားတဲ့ ဖုန်းတွေအနေနဲ့ Facebook နဲ့ Messenger အပါအဝင် BBC News, Wikipedia, Bing စတဲ့ ဝက်ဘ်ဆိုက်တွေကို အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Ref: The Verge