iPhone တွေနဲ့ပတ်သက်ပြီး လူအတော်များများက မျှော်လင့်နေကြတဲ့အချက်တွေထဲမှာ ကင်မရာပိုင်းကို အခုထက်ပိုပြီး အဆင့်မြင့်လာစေဖို့ပဲ ဖြစ်ပါတယ်။ မကြာခင်က ထွက်ပေါ်ခဲ့တဲ့ Ming-Chi Kuo ရဲ့ အစီရင်ခံစာထဲမှာတော့ အဓိက Lens suppliers ကြီးသုံးခုဟာ Apple ရဲ့ 2021 iPhone တွေအတွက် တာဝန်ယူရမယ်လို့ ဖော်ပြခဲ့ပါတယ်။

2021 iPhone တွေအတွက် Lens တွေထောက်ပံ့ပေးရမယ့်ကုမ္ပဏီသုံးခုဟာ Largan, Genius Electronic Optical (GSEO) နဲ့ Sunny Optical တို့ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့်လည်း Ming-Chi Kuo က Apple fan တွေ စိတ်ပျက်စေမယ့် စကားတစ်ခွန်းကိုလည်း ထည့်သွင်းပြောဆိုခဲ့ပါသေးတယ်။

“လက်ရှိ နည်းပညာနဲ့ ထုတ်လုပ်မှုလိုင်းတွေကို ကြည့်ခြင်းအားဖြင့် iPhone တွေရဲ့ ကင်မရာ Hardware ပိုင်းဟာ လာမယ့်မျိုးဆက်နှစ်ဆက်အထိ သိသာထင်ရှားတဲ့ အဆင့်မြှင့်တင်မှုကို တွေ့ရမှာမဟုတ်ဘူး” လို့ လေ့လာသုံးသပ်သူ Kuo က ဆိုပါတယ်။ တစ်နည်းအားဖြင့် iPhone တွေရဲ့ ကင်မရာစွမ်းဆောင်ရည်ဟာ နောက်မျိုးဆက်နှစ်ခုအထိ သိသိသာသာ တိုးတက်ကောင်းမွန်လာမှာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။

တစ်ဖက်ကပြန်ကြည့်ရင်တော့ Hardware ပိုင်း အဆင့်မြှင့်တင်မှုမရှိခဲ့ရင်တောင် Software ပိုင်းမှာ အဆင့်မြှင့်တင်မှု ရှိလာမယ်လို့ မျှော်လင့်နိုင်ပါသေးတယ်။ Apple အနေနဲ့လည်း သူ့ရဲ့ Computational photography ပိုင်းဆိုင်ရာကို ပိုပြီးအရောင်တောက်လာဖို့ အာရုံစိုက်လာဖွယ် ရှိနေပါတယ်။

ဒါပေမယ့် Lens ထုတ်လုပ်မှုနယ်ပယ်တွင်း သတင်းအချို့ကိုတော့ Kuo က ထုတ်ပြခဲ့ပါသေးတယ်။ သတင်းအရ Largan ဟာ ဒီနှစ်ပထမနှစ်ဝက် GSEO ရရှိတဲ့ High-ends lens မှာယူမှုစုစုပေါင်းရဲ့ ၁၅ ကနေ ၂၅% အထိကို ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။ Sunny Optical ကတော့ အသစ်ဖြစ်နေပြီး၊ အကယ်၍ ဒီနှစ်ထဲမှာ အရာအားလုံးအဆင်ပြေပြေဖြစ်သွားရင် ၂၀၂၂ ခုနှစ်မှာ ကုမ္ပဏီအနေနဲ့ ထုတ်လုပ်မှုကို တိုးမြှင့်မယ်လို့ သိရပါတယ်။

Ref: GSM Arena