Dota 2 ဂိမ်းရဲ့ တစ်နှစ်လုံးမှာ အကြီးမားဆုံးပြိုင်ပွဲဖြစ်တဲ့ The International (Ti) ပြိုင်ပွဲကို တစ်နှစ်တစ်ခါသာ ကျင်းပပြီး နှစ်ပေါင်းများစွာ ဆုကြေးငွေအများဆုံး Esports ဂိမ်းပြိုင်ပွဲအဖြစ် ရပ်တည်ခဲ့ပါတယ်။ ၂၀၂၀ ခုနှစ်မှာတော့ ဆယ်ကြိမ်မြောက် Ti10 အဖြစ် ကျင်းပရမှာဖြစ်သော်လည်း အခု COVID-19 ရောဂါပြန့်ပွားမှုကြောင့် ရွှေ့ဆိုင်းခဲ့ရတယ်လို့ Valve ကုမ္ပဏီက ကြေညာလိုက်ပါပြီ။

Dota 2 မေဂျာနဲ့ မိုင်နာပြိုင်ပွဲတွေဟာ Ti တိုက်ရိုက်တက်ရောက်ခွင့် ရရှိစေမယ့် DPC ရမှတ်တွေ ချီးမြှင့်ပြီး အမှတ်အများဆုံးအသင်းတွေက Ti ကို တိုက်ရိုက်ဝင်ရောက်ယှဉ်ပြိုင်ကာ ကျန်အသင်းအားလုံးက ဒေသတစ်ခုမှ တစ်သင်းသာ တက်ရောက်ခွင့်ရမယ့် ခြေစစ်ပွဲတွေ ပြန်ဆော့ရပါတယ်။

ဒါပေမယ့် ၂၀၂၀ အစောပိုင်းလတွေမှာကျင်းပရမယ့် မေဂျာ၊ မိုင်နာပွဲအားလုံးကို COVID-19 ကြောင့် ရွှေ့ဆိုင်းခဲ့ရတာကြောင့် Ti10 ဝင်ရောက်ခွင့်ကို ဘယ်လိုလုပ်မလဲဆိုတာ Dota2 ပရိသတ်တွေသာမက အသင်းတွေကပါ စောင့်ကြည့်နေရတာပါ။

အခုတော့ Valve ရဲ့ထုတ်ပြန်ချက်ထဲမှာ COVID-19 ကြောင့် ကျရောက်လာတဲ့ ကမ္ဘာ့ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေအတွင်း ဖြစ်နိုင်ခြေရှိတဲ့ ကျင်းပရက်ကို ရှာဖွေခဲ့ကြပေမယ့် ဘယ်လိုမှအဆင်မပြေတာကြောင့် Ti10 ဟာ ၂၀၂၁ ခုနှစ်မှသာ ဖြစ်ပေါ်နိုင်တော့မယ်လို့ ဆိုခဲ့ပါတယ်။ DPC Season ကိုတော့ ဆောင်းရာသီကာလလောက်မှာ ပြန်စတင်မယ်လို့ ဆိုထားပြီး ဘယ်လိုပုံစံနဲ့ကျင်းပမယ်ဆိုတာကိုတော့ ပြန်လည်ထုတ်ပြန်သွားမှာပါ။

Ti10 မရှိတော့ပေမယ့် ထုံးစံအတိုင်း Battle Pass ကိုတော့ အခုနှစ်မှာ ထုတ်ပေးသွားမှာဖြစ်ပြီး Battle Pass ရောင်းချရငွေရဲ့ ၂၅% ကိုလည်း ထုံးစံအတိုင်းပဲ Ti10 ဆုကြေးငွေထဲ ပေါင်းထည့်ပေးသွားမှာပါ။ မနှစ်က Ti9 မှာ ဆုကြေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၃၄ သန်းကျော်ရရှိခဲ့ပြီး ပထမရခဲ့တဲ့ OG အသင်းဟာ ဆုကြေးငွေ ဒေါ်လာ ၁၅ သန်းကျော် ပိုင်ဆိုင်ခဲ့ပါတယ်။

ဒါပေမယ့် Battle Pass အတွက် Valve ဝန်ထမ်းတွေဟာ အိမ်ကသာ အလုပ်လုပ်နေရတာဖြစ်တဲ့အတွက် ပုံမှန်ထွက်ရှိရက်ထက် ရက်သတ္တပတ်အနည်းငယ်ပိုကြာမယ်လို့ ဆိုထားတာကြောင့် မေလကုန်လောက်မှာ မြင်ရနိုင်ပါတယ်။

Ref – Dota2