ဆွီဒင်က အဖိုးအို ၁ ယောက်ဟာ ဒရုန်း ၁ စီးကြောင့် အသက်ချမ်းသာရာရခဲ့ပါတယ်။ အသက် ၇၁ နှစ်အရွယ် အဖိုးအိုဟာ ဒီဇင်ဘာလတုန်းက နှင်းတွေကို ရှင်းလင်းနေချိန်မှာ နှလုံးဖောက်ခဲ့ပြီး သူ့ထံ ဒရုန်း ၁ စီးက လျှပ်စစ်နဲ့ နှလုံးခုန်စေတဲ့ စက်ကို သယ်ဆောင်လာခဲ့ကာ အနီးအနားက ဆရာဝန် ၁ ယောက်ရဲ့ ကုသပေးမှုကြောင့် အသက်ကို ကယ်တင်နိုင်ခဲ့တယ်လို့ Everdrone က ပြောပါတယ်။

Everdrone

နှလုံးဖောက်တဲ့ လူကို ၁၀ မိနစ်အတွင်း အရေးပေါ် ကုသပေးဖို့ လိုအပ်ပါတယ်။ Everdrone ရဲ့ Emergency Medical Aerial Delivery (EMADE) ဝန်ဆောင်မှုဟာ အဲဒီလို လူတွေအတွက် အမြန်ဆုံးကူညီပေးနေပါတယ်။ EMADE ရဲ့ ဒရုန်းတွေဟာ လူနာတင်ကားတွေ မရောက်ခင်မှာ ဝေဒနာရှင်တွေထံ နှလုံးခုန်စက်တွေ ပေးပို့နိုင်ပါတယ်။

အထက်ဖော်ပြပါ ဖြစ်ရပ်မှာ ဒရုန်းဟာ ၃ မိနစ်အတွင်း အဖိုးအိုရဲ့ နေအိမ်ကို နှလုံးခုန်စက် ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ အလုပ်ကို သွားနေတဲ့ ဆရာဝန် ၁ ယောက်က အဖိုးအိုဆီ ရောက်သွားပြီး အရင်ဆုံး CPR နည်းလမ်းနဲ့ ကုသပေးခဲ့ကာ အဲဒီနောက်မှာ နှလုံးခုန်စက်ကို အသုံးပြုခဲ့ပါတယ်။

အဲဒီ ဒရုန်းကို Karolinska Institutet မှ Center for Resuscitation Science ၊ SOS Alarm ၊ Region Vastra Gotaland တို့နဲ့ ပူးပေါင်း ဖန်တီးထားတာ ဖြစ်ပါတယ်။ EMADE ရဲ့ စီမံကိန်းကို စမ်းသပ်ခဲ့တဲ့ ၄ လအတွင်းမှာ နှလုံးဖောက်သူ ၁၄ ယောက်ရဲ့ အကြောင်းကြားမှုကို လက်ခံရရှိခဲ့ပြီး ဖြစ်ရပ် ၁၂ ခုဆီ ဒရုန်းတွေကို ပို့ဆောင်ပေးနိုင်ခဲ့ကာ ဖြစ်ရပ် ၁၁ ခုအတွက် နှလုံးခုန်စက်တွေကို အောင်မြင်စွာ ပေးပို့နိုင်ခဲ့ပါတယ်။ ဖြစ်ရပ် ၇ ခုမှာ နှလုံးခုန်စက်တွေကို လူနာတင်ကား မရောက်ခင် ပေးပို့နိုင်ခဲ့ပါတယ်။

ဥရောပမှာ နှစ်စဉ် နှလုံးဖောက်သူ ၂၇၅,၀၀၀ ရှိပြီး အဲဒီအထဲက ၇၀ ရာခိုင်နှုန်းဟာ နှလုံးခုန်စက် မရှိတဲ့ နေအိမ်တွေမှာ နှလုံးဖောက်ကြတာလို့ Everdrone က ပြောပါတယ်။ နေအိမ်မှာ နှလုံးဖောက်သူတွေရဲ့ အသက်ရှင်နှုန်းဟာ ၁၀ ရာခိုင်နှုန်းပဲ ရှိပါတယ်။ လက်ရှိမှာ EMADE ရဲ့ ဝန်ဆောင်မှုဟာ ဆွီဒင်က လူပေါင်း ၂၀၀,၀၀၀ အထိ ကူညီပေးနိုင်ပြီး ဒီနှစ်ထဲ ဥရောပက တည်နေရာတွေကို တိုးချဲ့ဖို့ စီစဉ်ထားပါတယ်။

Ref : theverge